Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်၊ အိမ် ၃ ဆောင်နှင့် ဆန်စက် ၁ လုံးပျက်စီးသွား

AB News – မတ်လ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် သေကံရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သောကြောင့် အိမ် ၃ ဆောင်နှင့် ဆန်စက် ၁ လုံးပျက်စီးသွားခဲ့ကြောင်း AB News ကစုံစမ်းသိရှိရသည်။

ယနေ့မတ်လ ၂၄ရက်၊ နံနက်ပိုင်း ၁ နာရီ ၄ မိနစ်အချိန်တွင်အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက် ၁ စီး​ ဖြင့်သေကံရွာသို့ ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွာသား ၁ ဦးက အတည်ပြုသည်။

“ကျမတို့က အိမ်မှာအိပ်နေတာပါ။ ၁ နာရီလောက်ပဲရှိသေးတယ်။ ဂျက်က ဗုံးကြဲသွားတယ်။ အိမ်တွေလည်းလည်းပျက်စီးတယ်။ ဆန်စက် ၁ လုံးလည်း ပြိုသွားတယ်” ဟု ဆိုသည်။

ပျက်စီးသွားသည့်အိမ်များ၏ ပိုင်ရှင်များမှာ သေကံရွာမှ ဦးလှကျော်သိန်းနေအိမ်၊ ဒေါ်ဝေနုကြည်နေအိမ်၊ ဦးငယောင်းနေအိမ်တို့ဖြစ်ပြီး ဒေါ်သန်းသန်းဌေးမှာ ဆန်စက် ၁ လုံးပျက်စီးသွားခဲ့ရသည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မတ်လ ၂၄ ရက် နံနက် ၄ နာရီကျော်တွင် ကမ်းထောင်ကြီးမြို့ ဆေးရုံအား Jet Fighter ၂ စီးဖြင့်လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံလည်းပျက်စီးပြီး ဆေးရုံဝန်ထမ်း သန့်ရှင်းရေး အမျိုးသမီး ၁ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

စစ်ကောင်စီသည် ယနေ့ တစ်ရက်တည်းတွင် လူသူ အိပ်မိုးကျနေသည့် ညသန်ခေါင်အချိန်များတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ရပ်ရွာ၊ ရပ်ကွက်များသို့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့၊ ညဥ့် ၁၁ နာရီ ၄၀ မိနစ်တွင် စစ်​ကောင်စီက ဂျက်ဖိုက်တာဖြင့် ရာမောင်တံတားအောက်ရှိ သေကံရွာသို့ ပေါင် ၂၀၀ ဗုံး ၃ လုံးထက်မနည်းကြဲချခဲ့ရာ အိမ်ခြေအများအပြားပျက်စီးခဲ့ရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညဥ့် ၁ နာရီ ၂၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် သေကံရွာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ခန့် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီးသွားခဲ့သည်။

သေကံရွာမှာ စစ်ကောင်စီ၏ ဗုံကြဲတိုက်ခိုက်ခံရမှု ၃ ကြိမ်အထိရှိလာပြီ ဖြစ်သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ