Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ထိမှန်ပြီးမင်းပြားမြို့မဈေးကြီး၊ တောင်ပိုင်းစာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီး

AB News – ဇန်နဝါရီ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့်လက်နက်ကြီးကျည်များထိမှန်ပြီး ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ ၄နာရီ၊ ၃၈ မိနစ်အချိန်တွင် မင်းပြားမြို့မဈေးကြီး၊ တောင်ပိုင်းစာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ ၄နာရီ၊ ၃၈ မိနစ်အချိန်တွင် ကျိန်းတောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မင်းပြားမြို့မဈေးကြီး၊ တောင်ပိုင်းစာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောသည်။

“ဒီနေ့ ၄နာရီ၊ ၃၈မိနစ်အချိန်မှာ ကျိန်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်သားတွေက လက်နက်ကြီးတွေ တရစပ် ပစ်ခတ်ခဲ့တယ်။ မင်းပြားမြို့မဈေးကြီးမှာ လက်နက်ကြီး ၁လုံးကျရောက်ပေါက်ကွဲခဲ့တယ်။ ပြည်တော်သာ ရပ်ကွက်က တောင်ပိုင်းကျောင်းမှာ လက်နက်ကြီးကျည် ၃လုံး ကျရောက်ကွဲပြီး ကျောင်းဆောင်မှာ ပျက်စီးသွားတယ်။ အဲ့ဒါတွေ အပြင် လူနေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မြို့မဈေးကြီးနှင့် ပြည်​တော်သာရပ်ကွက်ရှိ တောင်းပိုင်းကျောင်းနှင့် ဦးဝင်း​မြ၏ နေအိမ်လည်း ပျက်စီးခဲ့ရသည်။

ထို့အပြင် လက်နက်ကြီးကျည်ထိမှန်ကာ မင်းဘာကြီးရပ်ကွက်မှ အိမ်အချို့ နှင့် မင်းပြားဆေးရုံးကြီးအနီးမှ နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပေါ် မြို့ခံ ၁ဦးက “အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားတွေကို ဦးတည်ပြီး ပစ်ခတ်နေတယ်။ ဒါဟာ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေတာ ဖြစ်တယ်” ဟု ဆိုသည်။

ယနေ့ နံနက်အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ရည်ရွယ်ချက်ရှိရှိ မင်းပြားမြို့ထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် မြို့ခံသားများမှာ ကြောက်လန့်နေကြပြီး မြို့ခံအချို့မှာ စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ