Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနှင့် ပေါက်တော ကားလမ်းဘေးတွင် စိုက်ပျိုးထားသော အရိပ်ရ အပင်များဖျက်ဆီးခံရ

ABN-ရှိုင်းမိုး

သြဂုတ် ၁၆ရက်

ရခိုင်ပြည် မင်းပြားမြို့နှင့် ပေါက်တောမြို့ကြားရှိ ကားလမ်းဘေးတွင် စိုက်ပျိုးထားသော အရိပ်ရ အပင်များကို သြဂုတ်လ ၁၁ရက်နေ့က ဖျက်ဆီးခံလိုက်ရသည်ဟု အပင်စိုက်ပျိုးရာတွင်ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်ဟိန်း ကပြောသည်။

ထိုပေါက်တောနှင့် မင်းပြားကားလမ်းမဘေးတွင်အပင်များကို ပေါက်တောနယ်မှ ကိုယ်တော် အရှင်တေဇဝံသမှ ဦးဆောင်၍ စိုက်ပျိုးထားခြင်းဖြစ်ကြောင်းသိရသည်။

ဖျက်ဆီးခံရသော သစ်ပင်စုစုပေါင်း ၁၇ ပင်ရှိပြီး၊ ထိုအထဲမှ ၆ ပင်မှာ ပြီးခဲ့သည့်နှစ်က စိုက်ပျိူးထားသည့်အပင်များဖြစ်ပြီး၊ နောက် ၁၁ ပင်မှာ လတ်တလောတွင် စိုက်ပျိုးထားသည့် အပင်များဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ်က စိုက်ပျိုးသည့်အပင်များမှာ အခိုးခံရပြီး၊ လက်ရှိစိုက်ပျိုးထားသော အပင်များတွင် ခြံခတ်ထားသည့် ခြံစည်းရိုးကို ဖျက်ယူသွားသောကြောင့် အပင်များကျန်ရစ်ခဲ့၍ ထိုကျန်နေသော အပင်များမှာ ခြံစည်းရိုးမရှိသည့်အတွက် တိရစ္ဆာန်များဖျက်ဆီးခြင်းကိုခံလိုက်ရ​ကြောင်းသိရသည်။

ဖျက်ဆီးခံသောအပင်များမှာ ပြိုင်လောင်းပင်များနှင့် စိန်ပန်းပင်များဖြစ်ကြောင်း ကိုကျော်ဟိန်းကပြောသည်။

“အပင်ဖျက်ဆီးခံရတာက ဒီတခါမဟုတ်တော့ဘူး၊ အယင်တုန်းကလည်းဖျက်ဆီးခံရတယ်၊ အခုလည်းထပ်ပြီးဖျက်ဆီးခံလိုက်တယ်၊ အပင်ဟောင်းတွေက ခြံစည်းရိုးမရှိလို့ ကျွန်နော်တို့ ထပ်ပြီး ခြံစည်းရိုးထိုးထားတယ်၊ နောက်ပြီး လိုအပ်တဲ့နေရာတွေမှာလည်း ထပ်စိုက်ခဲ့ကြတယ်၊ နောက်တနေ့ရောက်တော့ အသိမိတ်ဆွေတစ်ယောက်က ဖုန်းဆက်တယ်၊ အပင်တွေဖျက်ဆီးခံလိုက်ရကြောင်းကို” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ” အပင်ဖျက်ဆီးခံလိုက်ရတာကတော့ ညည့်အချိန်နဲ့တူတယ်၊ ဘယ်သူတွေဖျက်ဆီးတာလဲတော့မသိပါဘူး၊ ခြံစည်းရိုးတွေကလည်း ဝါးနဲ့ယက်ပြီးထိုးထားတာ၊ လက်ရှိအခြေနေအရ ပြောရမယ်ဆိုရင်၊ အခု ထင်းရှာတဲ့သူတွေရှိတယ်၊ သူတို့ကိုစွပ်စွဲတာမဟုတ်ဘူး၊ ကျနော်ကပြောပြတာပါ” ဟုဆိုသည်။

ထိုအပင်များမှာ ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားသောအပင်များနှင့် သဘာဝတရားလှပစေကြောင်း အလှူရှင်များက ဝိုင်းဝန်းကူညီ၍ စိုက်ပျိုးထားခြင်းကို ဖျက်စီးခံလိုက်ရသောကြောင့် စိတ်မကောင်းဖြစ်မိသည်ဟု သစ်ပင်စိုက်ပျိုးရေး တာဝန်ခံ ကိုကျော်ဟိန်း ကပြောသည်။

“အများကြီးစိတ်မကောင်းဖြစ်မိတယ်၊ အပင်စိုက်တယ်ဆိုတာ ကိုယ့်အတွက်မဟုတ်ပါဘူး၊ ခရီးသွားဒေသခံတွေ နားနားနေနေ နားလိုတဲ့စိတ်၊ နောက်ပြီး သဘာဝတရားကိုပြုပြင်ချင်တဲ့စိတ်၊ ပြီးတော့ အခုက ကျွန်နော်တို့ ရခိုင်မှာ ကားလမ်းဘေးတွေမှာ အပင်တွေမရှိတာများတယ်၊ ဒါကြောင့် အပင်တွေရှိနေရင် ပိုပြီးပြည့်စုံအောင်ဆိုတဲ့စိတ်နဲ့ တတ်နိုင်သလောက်ကူညီပေးတာပါ” ဟု၎င်းကဆိုသည်။

​မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစသည့်မြို့နယ်များတွင်လည်း စိမ်းလန်းစီအဖွဲ့မှ အပင်များလှူဒါန်းပြီး ဒေသခံများနှင့် ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များ စိုက်ပျိုးခဲ့ကြသည်။

ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်သောကြောင့် နှစ် ၁၀၀ နီးပါးရှိသည့်အပင်များပါလှဲကျခဲ့​ပြီး၊ လမ်းမဘေးမှအပင်များပါမကျန်ပြိုလဲသွားခဲ့သောကြောင့် ဒေသခံများမှာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို သိသိသာသာ ခံစားနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ