မင်းပြားမြို့ဖက်သို့ နေဗီ ၄စီးနှင့် တောင်ကုတ်မြို့ဖက်သို့ နေဗီ၂ စီးတို့သည် ရိက္ခာ၊ စစ်အင်အား လက်နက်ခဲယမ်းများ အပြည့်ဖြင့် ယနေ့ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၆နာရီ ၄၀ မိနစ်ခန့်က ဦးတည်ပြီးသွားနေသည်ဟုသိရသည်။
အဆိုပါ နေဗီများမှာ စစ်တွေ ရွှေမင်းဂံရေတပ်မှ ထွက်ခွာခြင်းဖြစ်ပြီး တောင်ကုတ်မြို့သို့ သွားသည့် နေဗီ ၂ စီးမှာ တောင်ကုတ်ဆိတ်ကမ်းသို့ ယနေ့ မနက်က ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့မှစပြီး ယနေ့အထိ စစ်တပ်ပိုင် နေဗီများဖြင့် စစ်သား၊ ရိက္ခာ၊ လက်နက်ခဲယမ်း စသည့်တို့ကို ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များဖက်သို့ ဖြည်းတင်းနေပြီး ရခိုင်ပြည်သူများမှာလည်း စပါးရိတ်သိမ်းချိန်၌ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ရခိုင်ပြည်တွင် တောင်သူများ ကိုယ်တိုင် စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည့် နေရာများ၌ ရက္ခိုင့်တပ်တော်မှ စစ်သားများက ဝိုင်းကူရိတ်သိမ်းပေးလျက်ရှိနေကြောင်း AA ဗီဒီယိုဖြင့် ထုတ်ပြန်ချက်အရသိရသည်။