Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်း​ပြားနယ်အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ သားမိ ၂ ဦးအပါအဝင်  ၃ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ၊ နေအိမ် ၈ လုံးပြာကျသွား

AB News – ဧပြီ ၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် မြစ်နားရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သားမိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံးပြာကျသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်၊ မြစ်နားရွာမှ အသက် ၄၈ နှစ်အရွယ် မိခင်ဒေါ်ဦးကြည်အေးနှင့် အသက် ၂၃ နှစ်အရွယ် သမီးဖြစ်သူ မသိန်းဦးစိုး၊ အသက် ၂၈ နှစ်အရွယ် မဆွေဆွေထွန်းတို့ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၃ ရက်နံနက် ၄ နာရီ ကျော်တွင်  ဂျက်ဖိုက်တာဖြင့် မြစ်နားရွာသို့ ဗုံး ၄ လုံး ကြဲချခဲ့ရာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဂျက်တိုက်လေယာဥ်က ၂ ခေါက်လောက်ဝဲပါတယ်။ ရွာထဲကို ၂ လုံးပစ်ချထားခဲ့ပါတယ်။ သားမိ ၂ ယောက်ပွဲချင်း​ပြီးသေသွားတယ်။ နောက်ထပ်တစ်ယောက်က ဆေးရုံကိုသွားတဲ့လမ်းမှာ သေဆုံးသွားတယ်။ ဒဏ်ရာရာရတဲ့သူတွေလည်း ရှိနေတယ်” ဟုဆိုသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၂ နှစ်အရွယ် မောင်အောင်မျိုးခိုင်၊ အသက် ၁၇နှစ်အရွယ် မလှလှစော၊ အသက် ၂၄ နှစ်အရွယ် မသန်းသန်းဆွေ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်လှသိန်းကြည်၊ အသက် ၄၆ နှစ်အရွယ် ဦးလှမောင်၊ အသက် ၅၀ နှစ်အရွယ် ဦးမောင်အောင်မြင့်၊ အသက် ၅၄ နှစ်အရွယ်ဒေါ်လှသိန်းခိုင် နှင့် အသက် ၅၈ နှစ်အရွယ် ဦးကျော်လှဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များမှာ ဦးမောင်အောင်မြင့်၊ ဒေါ်ဝင်းကြည်၊ ဒေါ်ဦးစံဖြူ၊ ဒေါ်ဖြူမေနု၊ ဒေါ်ဦးမြယီ၊ နှင့် ဒေါ်ဦးသိန်းဌေး အိမ်တို့ဖြစ်သည်။

၎င်းထဲတွင် ဒေါ်ဦးသိန်းဌေးပိုင်ဆိုင်သော စပါးတောင်း ၁၀၀၀ ကျော်ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်၊ ည ၁၁ နာရီကျော်တွင်လည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် သေကံရွာသို့ ဗုံးအလုံးရေ ၁၀ ကျော်ထက်မနည်း ကြဲချခဲ့ရာ  ဆရာတော် ၁ ပါးအပါအဝင် ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၁ ဆောင်ပျက်စီးခဲ့ရသည်။

ကမ်းထောင်းမြို့ကို စစ်ကောင်စီအဖွဲ့က ယမန်နေ့ ဧပြီလ ၂ရက်၊  ညနေ ၅ နာရီကျော်အချိန်ကလည်း Jet Fighter ၂စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ဦး သေဆုံးခဲ့ရပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေများသို့ နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်လာမှုကြောင့် အပြစ်မဲ့ပြည်သူများထိခိုက် သေဆုံးနှုန်းမြင့်တက်လျက်ရှိနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ