Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် ရွာ ၂ ရွာ ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်း ၁ ဆောင်နှင့် နေအိမ်အချို့ပျက်စီးသွား

AB News – မတ်လ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရွာ ၂ ရွာ ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ စာသင်ကျောင်း ၁ဆောင် နှင့် နေအိမ်အချို့ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့ ညဥ့် ၁၁ နာရီ ၂၆ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် မင်းပြားမြို့နယ် အမ်းသားရွာအနီးသို့ပျံဝဲလာပြီး ပေါင် ၂၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် မူလတန်းစာသင်ကျောင်း ပျက်စီးသွားခဲ့ရကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“ညဥ့် ၁၁ နာရီကျော်လောက်မှာပါ။ အသံကအရမ်းကျယ်ပါတယ်။ ကျမတို့လည်း အိမ်ပေါ်ကနေဆင်းပြေးရတယ်။ မကြာပါဘူး စာသင်ကျောင်းမှာကျတယ်၊ စာသင်ကျောင်းပြိုထွက်သွားပါတယ်” ဟု ဆိုသည်။

ထိုအမ်းသားရွာမှာ မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိသည့် ရွာဖြစ်ပြီး ယခင်က စစ်ကောင်စီအဖွဲ့ တပ်ဖြန့်ချထားခဲ့သည့် နေရာအနီးတဝှိုက်သည်။

ထို့နောက် ညဥ့် ၁၁ နာရီ ၄၀ မိနစ်တွင် ၎င်းဂျက်ဖိုက်တာသည် ရာမောင်တံတားအောက်ရှိ သေကံရွာသို့ ထပ်မံသွားရောက်ပြီး ပေါင် ၂၀၀ ဗုံး ၃ လုံးထက်မနည်းကြဲချခဲ့သည်ဟု ဒေသခံများကပြောသည်။

ထို့သို့ ကြဲချခဲ့မှုကြောင့် နေအိမ်တစ်ချို့ပျက်စီးခဲ့သည်ဟု သိရှိရသော်လည်း နေအိမ်မည်မျှ ပျက်စီးသွားသည်ကို AB News က သီးခြားအတည်မပြုနိုင်သေးပေ။

အကြမ်းဖက် စစ်ကောင်စီသည် အမ်းသားရွာနှင့် သေကံရွာတို့အား ၂ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညဥ့် ၁ နာရီ ၂၅ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် သေကံရွာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ခန့် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီးသွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ ညဉ့် ၁၁ နာရီ ၃၈မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ အမ်းသားရွာမှ လူနေအိမ် ၄ အိမ်ထက်မနည်း ပျက်စီးခဲ့ရသည်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အသက်၊ အိုးအိမ်များ နေ့စဉ်နှင့်အမျှ ဆုံးရှုံးလျက်ရှိသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီအဖွဲ့က မတ်လ ၆ ရက်နေ့ညက လေကြောင်းတိုက်ခိုက်ခဲ့၍ မြေပုံမြို့နယ် အမ်းသာရွာရှိ မူလတန်းစာသင်ကျောင်း ပျက်စီးနေသည်ကိုတွေ့ရစဥ်/CJ

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ