Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် စက်လှေမှောက်၍ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

ဇူလိုင် ၂၈ရက်

ရခိုင်ပြည် မင်းပြားမြို့နယ် ငပြီ/ အင်းရွာမှ အမျိုးသားတစ်ဦး စက်လှေမှောက်၍ ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ ညနေပိုင်း ၅နာရီကျော်အချိန်တွင် ပွန်တောင်ရွာသို့သွားရာ မင်းဂံမြစ်ဝတွင် လှိုင်းကြီး၍ စက်လှေကိုမထိန်းနိုင်ဘဲ ရေနစ်သေဆုံး သွားခဲ့သည်ဟုသိရသည်။

သေဆုံးသွားသောသူသည် အသက်၂၉နှစ်အရွယ် ဦးမောင်အေးဝင်း ဖြစ်သည်။

ဦးမောင်အေးဝင်းသည် တစ်ရွာတည်းနေ ဦးမောင်သိန်းစိုးနှင့်အတူ ပျက်သွားသည့် မြက်နင်းစက်အား ပြုပြင်ရန်သွားသည့်လမ်းတွင် စက်လှေမှောက်ခဲ့သည်ဟုသိရသည်။

ထိုစက်လှေမှောက်သည့်အချိန်တွင် ဦးမောင်အေးဝင်းနှင့် ဦးမောင်သိန်းစိုးတို့သည် စက်လှေနစ်သောကြောင့် လက်ဖြင့်ကမ်းကိုကူးခတ်ခဲ့ကြပြီး ဦးမောင်အေးဝင်းမှာ ကမ်းစပ်နားကိုရောက်အောင်မကူးခတ်နိုင်ခဲ့ဘဲ မြစ်အတွင်းရေနစ်သေဆုံးခဲ့သည်ဟု ရွာသားတစ်ဦးကပြောသည်။

“မြက်နင်းစက်ပျက်နေတာကိုလုပ်ဖို့သွားကြတာ၊ အဲဒီမြစ်ဝမှာက လှိုင်းတအားကြီးတယ်၊ သူတို့က လှိုင်းကြီးလို့ စက်အချိန်ကိုမထိန်းလိုက်နိုင်ကြဘူး၊ သူတို့က ရေကူးတတ်တယ်၊ စက်လှေမှောက်လို့သူတို့က ကမ်းကိုလက်နဲ့ကူးလာကြတယ်၊ ဒါပေမယ့် ကိုမောင်အေးဝင်းက ကမ်းကိုမရောက်ခင်ရေနစ်သွားပါတယ်” ဟုပြောသည်။

ထိုသူ၏အလောင်းကို ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်တွင် ပန်ဇင်းမှော်ချောင်းထဲ၌ အလောင်းကိုတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၂၇ရက်နေ့ ညနေ့ ၆နာရီကျော်အချိန်တွင်လည်း ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားအောက်တွင် ဒဏ်ရာများဖြင့် ရေကမ်းစပ်တွင် သေဆုံးနေသော အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

ဇူလိုင်လ ၂၅ရက်နေ့ကလည်း မင်းပြားမြို့နယ် နတ်ကံပြင်(ချင်းရွာ) မှ ဟင်းရောင်းရန် စက်လှေဖြင့် မြေပုံမြို့ပေါ်ကိုသွားသည့်အချိန်တွင် စက်လှေမြုပ်၍ အမျိုးသမီး ၂ဦးရေနစ်သေဆုံးခဲ့သည်။

ဇူလိုင်လ ၂၀ရက်နေ့ကလည်း မြောက်ဦးမြို့နယ် မျောက်ချောင်းရွာမှ အသက် ၅ဝ ကျော်ဦးအပိန်ချေမမှာ ဂုံးရောင်းရန်သွားသည့်အချိန်တွင် စက်လှေမှောက် ရေနစ်သေဆုံးခဲ့သည်။

ဇူလိုင်လ ၂၀ရက်နေ့ကလည်း မင်းပြားမြို့နယ် သရဂူရွာဟောင်း( ချင်းရွာ) မှ အသက် ၈၀နှစ်အရွယ် အမျိုးသားတစ်ဦး ငါးရှာထွက်သည့်အချိန်တွင် ရေနစ်၍သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း မင်းပြားမြို့နယ်တွင် ၃ရက်ကြာပျောက်ဆုံးနေသူကို ရေထဲ၌သေလျက်ပြန်လည်တွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၇ရက်နေ့ နံနက် ၉နာရီကျော်အချိန်ကလည်း ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် သီဟိုတော လမ်းဘေးရေမြောင်းတွင် ဒဏ်ရာများဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၁ရက်နေ့ကလည်း စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ရေမြောင်းထဲတွင် အမည်မသိ လူတစ်ဦးသေဆုံးနေသည်။

ရခိုင်တွင် မိုးဦးကျရာသီအစ၌ နှစ်စဥ်နှစ်တိုင်း ရေနစ်သေဆုံးမှု ရှိနေသည်ကို တွေ့ရသည်။

မင်းပြားနယ်တွင် စက်လှေမှောက်၍ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ