သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် သတိလစ်မေ့မြောလျက် တွေ့ရှိရသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးကို AA က ဆေးရုံ ပို့ဆောင်
မင်းပြားတွင် သတိလစ်မေ့မြောလျက် တွေ့ရှိရသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးကို AA က ဆေးရုံ ပို့ဆောင်

AB News – ဩဂုတ် ၁၉၊ ၂၀၂၅

ရက္ခိုင်၊ မင်းပြားမြို့နယ်၊ မြောင်းတစ်ခုထဲတွင် သတိလစ်မေ့မြောလျက်နေသည့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးကို ဒေသခံပြည်သူများက တွေ့ရှိခဲ့ပြီးနောက် အာရက္ခတပ်တော် AA လုံခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားကို နရမ်းခွဆုံအနီး မြောင်းထဲ၌ သတိလစ်လဲကျလျက် နေသည်ကို တွေ့ရှိခဲ့ပြီး ဒေသခံများက အာရက္ခတပ်တော် လုံခြုံရေးအဖွဲ့ဝင်များထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီ အဘိုးက မြောင်းထဲမှာ သတိလစ်​မေ့မြောနေတာကို တွေ့ရတယ်။ သူ့မှာ ငွေအကြွေ
လေးသောင်းလောက်လည်း ပါတယ်။ ဘယ်သူလဲဆိုတာတော့ မသိရသေးဘူး။ သူကသတိလစ်​နေ​တော့ ဘယ်ကလဲဆိုတာ ဘယ်သူမှ မသိကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းသည် မြောင်းထဲတွင် အစာရေစာငတ်ပြတ်ပြီး သတိလစ်လျက်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်၍ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် AA လုံခြုံရေးအဖွဲ့ဝင်များက သက်ကြီးပိုင်း အမျိုးသားကို ချက်ချင်းကူညီကယ်ဆယ်ကာ မင်းပြားမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အခုလိုမျိုး မြောင်းထဲမှာ ​တွေ့ရတာအရမ်းစိတ်မကောင်းစရာပဲ။ သူ့မိသားစုတွေလည်း စိတ်ပူနေကြမှာ။ ဘယ်သူ့အ​ဖေလဲဆိုတာ သိရရင် အမြန်ဆုံး အကြောင်းကြားစေချင်ပါတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် သတိလစ် မေ့မြောလျက်နေသည့်သက်ကြီးပိုင်း အမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းကို AB News က အတည်မပြုနိုင်သေးပေ။

၎င်းသည် တောင်ကုတ်​မြို့မှ ဖြစ်နိုင်ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

အာရက္ခတပ်​တော်လုံခြုံရေးအဖွဲ့များက ကူညီကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ