Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် သင်္ချိုင်းတောင်ကုန်းမှ ဒုရဲအုပ် ၁ ဦး AA ထံအလင်းဝင်

AB News – ဇန်နဝါရီ ၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ သင်္ချိုင်းတောင်ကုန်းမှ ဒုရဲအုပ် ၁ ဦးသည် AAထံအလင်းဝင်လာခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

အလင်းဝင်ရောက်လာသူမှာ မင်းပြားမြို့နယ် မှ အသက် ၄၀ အရွယ် ဒုရဲအုပ်အဆင့်ရှိသူ တစ်ဦး ဖြစ်သည်။

၎င်းသည် ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စကစ လက်အောက်ခံ သင်္ချိုင်းတောင်ကုန်းမှ ဆင်းပြေးလာပြီး ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

“၈ နာရီကျော်လောက်မှာ တောင်ကုန်းပေါ်ကဆင်းပြေးလာတယ်။ AA ဆီအလင်းဝင်မယ်လို့ ပြောတယ်” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့က ဒုရဲအုပ်ထွက်ပြေးချိန်အတွင်း သေနတ်ဖြင့် လှမ်းပစ်ခဲ့သည့်အတွက်ကြောင့် အသက်လုထွက်ပြေးခဲ့ရသည်။

ရာမောင်တံတားထိပ် သင်္ချိုင်းတောင်ကုန်းမှ စကစ တပ်သားထွက်ပြေးမှု ၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ရောက်သူများလည်း ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရာမောင်တံတားဖက်မှ ကမ်းနီအထိ တောင်တန်းတစ်လျှောက်တွင် စစ်ကောင်စီ တပ်စခန်းကုန်းများ ၁၀ ကျော်ရှိပြီး ၎င်းတို့၏စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်း ရသေ့တောင်အခြေစိုက် တပ်ရင်း၊ တပ်မများမှ လက်နက်ကြီးပစ်သူများအပါအဝင် စကစ တပ်ဖွဲ့ ၃ ဦးထက်မနည်း ရက္ခိုင့်တပ်တော်ထံ အလင်း ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီ စခန်းကုန်းများမှ ဗိုလ်ကြီးများက လက်အောက်ငယ်သားများကို အနိုင်ကျင့် ဗိုလ်ကျနေမှုရှိနေခြင်း၊ စားနပ်ရိက္ခာ အလုံအလောက်မရရှိခြင်း၊ တပ်တွင်းများတွင် ခိုက်ရန်မကြာခဏဖြစ်ပွားနေခြင်းများကြောင့် စကစ တပ်သားများ တပ်ပြေးမှုပိုများလာကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း AA ကပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ