Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ယမန်နေ့ညအချိန် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သက်ကြီးပိုင်း ၁ ဦးသေဆုံးပြီး အမျိုးသမီး ၅ ဦးကျည်ထိ ဒဏ်ရာရရှိ

AB News-နိုဝင်ဘာ ၁၈၊ ၂၀၂၇

ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ည ၈ နာရီကျော်ခန့်က အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ထဲဝင်ရောက်ပြီး လက်နက်ကြီး/ငယ်များဖြင့် လူနေအိမ်များနှင့် အရပ်သားများအား ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သက်ကြီးပိုင်း ၁ ဦးနှင့် အမျိုးသမီး ၅ ဦးကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က ညအချိန် တိုက်ပွဲအတု လုပ်ကာ မြို့ထဲဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ကျိန်းတောင်ဘုရားပေါ်တွင် တပ်စွဲထားသည့် စကစတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသူမှာ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်၊ မင်းကန်လမ်းနေ အဖ ဦးထွန်းလှိုင်၏သား အသက် ၇၂ အရွယ်ရှိ ဦးတင်အောင်ဖြစ်သည်။

၎င်းသည် နေအိမ်တွင် မိသားစုများနှင့်အတူ ရှိနေစဥ် မှန်ပြတင်းပေါက်မှ ကျည်ဖောက်ကာ ကျရောက် သေဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ထို့အပြင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သူများမှာ ဈေးဟောင်းပိုင်းရပ်ကွက်မှ အသက် ၄၃ နှစ်အရွယ် ဒေါ်ဆွေဆွေသောင်း (ညာဖက်လက်ဆစ်ဒဏ်ရာရ)၊ အသက် ၁၁ နှစ်အရွယ် မရှင်းသန့်သီရိ (ကျောကုန်းဘယ်ဖက်ခြမ်းဒဏ်ရာရ)၊ အသက် ၇၈နှစ်အရွယ် ဒေါ်ထွန်းဝင်းမေ (ညာဖက် ဒူးဆစ်နှင့်ခြေမျက်စိဒဏ်ရာရ)၊ အသက် ၄၆နှစ်အရွယ် ဒေါ်နုနုထွန်း (ဘယ်ဖက်လက်ဆစ်အနီးဒဏ်ရာရ) တို့ဖြစ်ကြသည်။

၎င်းဒဏ်ရာရရှိသူများမှာ ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီ ၅ မိနစ်မှ ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြသူများဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး မင်းပြားမြို့အခြေစိုက် ခမရ ၅၄၁၊ ၃၇၉ နှင့် ၃၈၀ တို့မှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် မင်းပြားမြို့ထဲသို့ ပစ်ခတ်နေသည့်အတွက် ပြည်သူများမှာ ဘေးတွဲဆိုင်ကယ်၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကားတို့ဖြင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း ဒေသခံများက AB News သို့ ပြောသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ညတိုင်း မင်းပြားမြို့ထဲသို့ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ