Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီတပ်သား နောက် ၁ ဦး လက်နက်ခဲယမ်းအပြည့်ဖြင့် ထွက်ပြေး

(စကစကိုးကွယ်သည့် ဘုန်းကြီးတစ်ပါးကို တပ်ရင်းမှူးက AA တပ်စခန်းသို့ ဖုန်းနံပတ်တောင်းရန်စေလွှတ် )

AB News – ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

မင်းပြားမြို့နယ်ရှိ ရာမောင်တံတား ဘယ်ဖက်ခြမ်းတွင် တပ်စွဲနေထိုင်သည့် သင်္ချိုင်းတောင်ကုန်းပေါ်မှ စကစ တပ်ဖွဲ့ဝင် နောက်တစ်ဦး လက်နက်ခဲယမ်းအပြည့်ဖြင့် ထွက်ပြေးသွား၍ စကစကိုးကွယ်သည့် ဘုန်းကြီးတစ်ပါးကို တပ်ရင်းမှူးက ဖုန်းနံပတ်တောင်းရန် AA တပ်စခန်းသို့ စေလွှတ်ခဲ့ကြောင်း AB News ကထောက်လှမ်းသိရသည်။

၎င်းသည် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် တောင်ကုန်းပေါ်မှ လက်နက်ခဲယမ်းအပြည့်ဖြင့် ဆင်းပြေးသွားကြောင်း ရာမောင်ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“ည၁၁ နာရီလောက်အချိန်ဖြစ်မယ်၊ လက်နက်ခဲယမ်းတွေနဲ့ထွက်ပြေးသွားပါတယ်၊ ဘာလို့ထွက်ပြေးနေတာလဲတော့ မသိဘူး” ဟု ဆိုသည်။

လက်နက်ခဲယမ်းအပြည့်ဖြင့် ထွက်ပြေးသွားသည့် စကစ တပ်ဖွဲ့ဝင်ကို ၎င်းတို့တပ်ရင်းမှူးမှ အပူတပြင်းလိုက်လံ ရှာဖွေနေသည်ဟု စုံစမ်းသိရှိရသည်။

စကစ တပ်ရင်းမှူးသည် ရာမောင်တံတားဦး တောင်ပေါ်၌ တပါးတည်းနေထိုင်သည့် ၎င်းတို့ကိုးကွယ်သော ဘုန်းကြီးကို AA ဖုန်းနံပတ်တောင်းရန် တပ်စခန်းသို့ စေလွှတ်ခဲ့ကြောင်း ၎င်းမှ ဆက်ပြောသည်။

“ရာမောင်တံတားဦးတောင်ပေါ်မှာ စကစ ကိုးကွယ်တဲ့ ဘုန်းကြီးတပါးနေပါတယ်၊ စကစ တပ်ရင်းမှူးက AA ဖုန်းနံတောင်းဖို့အတွက် ဘုန်းကြီးကို သွားခိုင်း တယ်” ဟု ဆိုသည်။

ဘုန်းကြီးသည် AA ဖုန်းနံပတ်ရရှိရန် ထိုစခန်းသို့သွားပြီး တောင်းရာ AA အရာရှိထံမှ လက်ခံမရရှိခဲ့ကြောင်းသိရှိရပြီး ၎င်းတို့တပ်ရင်းမှူး ဖုန်းနံပတ်ကို AA ယူထားလိုက်သည် ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် နှင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သင်္ချိုင်းတောင်ကုန်းပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းအပြည့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူ၊ တပ်ရင်းမှူးအဆင့်ရှိသူနှင့် စကစတပ်ဖွဲ့ဝင်များ အင်အားအပြည့်ဖြင့် ဖားပြိုရွာအထဲသို့ ဆင်းပြီး ရှာဖွေခဲ့ကြသည်။

၎င်းတို့တပ်ဖွဲ့ဝင်များကို ရှာဖွေမရသည့်အတွက် စကစ ဗိုလ်မှူးအဆင့်ရှိသူက ဖားပြိုရွာတာဝန်ခံ ရာအိမ်မှူးအိမ်ကိုမီးရှိူ့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ပထမထွက်ပြေးသွားသည့် အချိန်တွင်လည်း ဗိုလ်မှူးအဆင့်ရှိသူက AA ၏အရာရှိဖုန်းနံပတ်ကို တာဝန်ခံထံက တောင်းခဲ့ရာ ၎င်းမှလည်း ​ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းနေ့တွင်လည်း စကစ တပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်သည် ဖားပြိုရွာ ဘေးပတ်ပတ်လည်ရှိ လူမမြင်နိုင်သည့်နေရာ၌ ကင်းပုန်းဝပ်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ရှိ စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးသွားသည့် မောင်တောမြို့နယ် နခခ ၄ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၄ ဦး၊ ရသေ့တောင်မြို့နယ် စေတီတောင် တောင်ပေါ်၌တပ်စွဲထားသည့် နယ်ခြားစောင့်တပ်စခန်းမှ တပ်သား ၂ ဦး၊ မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းမှ တပ်သား ၃ ဦးနှင့် ၃၇၈ တပ်ရင်းမှ တပ်သား ၁ ဦးတို့ဖြစ်ကြောင်းသိရသည်။

မင်းပြားမြို့တွင် စကစတပ်စွဲထားသည့် တပ်ရင်း ၃ ခုဖြစ်သည့် ၃၈၀ ၊ ၃၇၉ ၊ ၅၄၁ တို့ရှိကာ ၎င်းတို့တပ်ဖွဲ့ဝင်များကို င/စိုင်းရိုင်းချောင်း တောင်တန်းနှင့် သင်္ချိုင်းတောင်ကုန်းတို့တွင် တပ်ဖြန့်ထားကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ