Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီတပ်သား ၁ ဦးထွက်ပြေး၍ ဖားပြိုရွာ တာဝန်ခံနေအိမ်အား မီးရှို့ မည်ဟု စကစဗိုလ်မှူးအဆင့်ရှိသူက ခြိမ်းခြောက်

AB News – ဟိန်းထွန်း

အောက်တိုဘာ ၂၇ ရက်

ရခိုင်ပြည်၊ မင်းပြားမြို့နယ် သင်္ချိုင်းတောင်ကုန်း၌ တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သား ၁ ဦး ထွက်ပြေးသွားသည့်အတွက် ဗိုလ်မှူးအဆင့်ရှိသူက ဖားပြိုရွာကို စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အပြင် နေအိမ်ကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း AB News ကထောက်လှမ်းသိရသည်။

စစ်ကောင်စီတပ်သား ၁ ဦးသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ၎င်းနေသည့်တပ်ရင်းမှ လက်နက်ခဲယမ်းအပြည့်ဖြင့်ထွက်ပြေးသွားရာ ဗိုလ်မှူးအဆင့်ရှိသူဦးဆောင်အဖွဲ့က လိုက်လံရှာဖွေ နေကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက် နေ့က သင်္ချိုင်းတောင်ကုန်းတွင် တပ်စွဲထားသည့်တပ်ရင်းမှ စကစ တပ်ဖွဲ့ဝင် ၁ ဦး ထွက်ပြေးသွားခဲ့ရာ ည၈ နာရီကျော်တွင် စကစတပ်ဖွဲ့များသည် ဖားပြိုကျေးရွာသို့သွား၍ နေအိမ်များပေါ်တက်ပြီး ရှာဖွယ်မှုပြုလုပ်ခဲ့ကြောင်း ရွာခံသား တစ်ဦးက AB News သို့အတည်ပြုပြောသည်။

“သူတို့တပ်ဖွဲ့ဝင်တစ်ဦးထွက်ပြေးသွားလို့ ကျမတို့ရွာကို လာတယ်၊ တပ်ဖွဲ့ဝင်တစ်ဦးရောက်လားလို့ ရာအိမ်မှူးကိုမေးပါတယ်၊ သူကလည်းမသိဘူးလို့ပြောတယ်၊ တစ်ခြားနေအိမ်ပေါ်တက်ပြီးရှာဖွေတယ်”ဟု ဆိုသည်။

ယင်းနေ့ညက တပ်ပြေးစစ်သားအား မတွေ့ရှိခဲ့သည့်အတွက် အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီတွင် ဗိုလ်မှူးအဆင့်ရှိသူက စစ်သားအင်အား ၆၀ ခန့်နှင့် ဖားပြိုရွာအနီးပတ်ဝန်းကျင်ရှိချုံပုတ်များတွင် လက်နက်ခဲယမ်းအပြည့်ဖြင့် ကင်းပုန်းဝတ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စကစ ဗိုလ်မှူးမှ ယင်းရွာ တာဝန်ခံ ရာအိမ်မှူးကို ဖုန်းဆက်၍ ၎င်းတို့ တပ်ဖွဲ့ဝင်များကိုရှာပေးရန် သို့မဟုတ် AA အရာရှိဖုန်းနံပတ်တစ်လုံးမနက်ဖြန် တောင်းပေးပြောရာ တာဝန်ခံမှ ကြောက်ပြီး ရှောင်ပြေးသွားသွားရာ စကစ တပ်ဖွဲ့ဝင်များလာချိန်တွင် မတွေ့၍ အိမ်ကိုမီးတိုက်ပစ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းမှ ဆက်ပြောသည်။

“သူတို့ဗိုလ်မှူးက တာဝန်ခံဆီဖုန်းဆက်တယ်၊ ကျနော်တို့တပ်ဖွဲ့ဝင်တစ်ယောက် ခင်ဗျားတို့ရွာကိုဆင်းသွားတယ်၊ AA တပ်ဖွဲ့ဝင်တွေသယ်ယူသွားတယ်လို့ ပြောတယ်၊ တာဝန်ခံကလည်း မရောက်ပါဘူးလို့ပြောတယ်၊ ဒါဆို AA အရာရှိဖုန်းနံပတ်ပေးလို့ပြောတယ်၊ သူလည်းကြောက်ပီးထွက်ပြေးသွားတယ်၊ သူတို့လာတဲ့အခါတာဝန်ခံကိုမတွေ့ဘူး၊ အိမ်ကိုမီးရှို့ပစ်မယ် လို့ခြိမ်းခြောက်သွားတယ်” ဟု ဆိုသည်။

ယင်းနေ့တွင် စကစ တပ်ဖွဲ့ဝင်များသည် မြစ်နားရွာကားလမ်းမတစ်လျှောက် ကားများကို ရပ်တန့်ပြီး စစ်ဆေးမှုရှိခဲ့သည့်အပြင် စကစအဖွဲ့သည် ၎င်းတို့၏ တပ်ပြေးကို အပူတပြင်းလိုက်လံရှာဖွယ်နေကြောင်း သိရသည်။

ထွက်ပြေးသွားသည့် ကစကတပ်ဖွဲ့ဝင်မှာ ကျောက်တော်မြို့တပ်ရင်း ၅၄၅ မှဖြစ်သည်ဟု ခန့်မှန်းထားကြပြီး ထိုကုန်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည်မှာ ၂ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရာအိမ်မှူးနှင့်ဇနီးတို့ ရှောင်ပြေးနေသည့်အတွက် ဗိုလ်မှူးအဆင့်ရှိသူက ၎င်းကိုဖုန်းဆက်၍ ခြိမ်းခြောက်နေကြောင်း နီးစပ်သူတစ်ဦးထံက သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ