Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် အခြေစိုက် ၅၆၄ တပ်ရင်းဌာနချုပ်အား AA အပြီးသတ်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံး

AB News – ဧပြီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်က ၅ ရက်အတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးသွားခဲ့ကြောင်း AA ကထုတ်ပြန်လိုက်သည်။

ရက္ခိုင့်တပ်တော်သည် ၎င်းတပ်ရင်းဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်​နြ်ချက်တွင်ဆိုထားသည်။

၅ ရက်ကြာသည့်တိုင် ၂ ဖက်စစ်ရေးပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန် တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ကဆိုသည်။

ထုတ်ပြန်ချက်တွင် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော ခမရ (၅၆၄) စခန်းအား ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ (၅) ရက်အကြာတွင် ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရပြီးဖြစ်ကြောင်း AA ကဆိုသည်။

၎င်းတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီတပ်သား ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့သို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် ရက္ခိုင့်တပ်တော်၏ အာရက္ခစစ်သည်တော် တစ်ချို့ကျဆုံးခဲ့ရပြီး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်မှ ဂုဏ်ပြုမှတ်တမ်းတင် ထားကြောင်း AA ကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရ​က် ၊ နံနက် ၁၂ နာရီအချိန်တွင်လည်းစစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြားက ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA ကဆိုသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ