Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် မြို့နယ်မှ ပုဒ်မ ၂ခုနှင့် တရားစွဲဆိုခံနေရသည့် အုပ်ချုပ်ရေးမှူး၂ဦးကို ရုံးထုတ်စစ်ဆေး

ဘူးသီးတောင် မြို့နယ်မှ ပုဒ်မ ၂ခုနှင့် တရားစွဲဆိုခံနေရသည့် အုပ်ချုပ်ရေးမှူး၂ဦးကို ရုံးထုတ်စစ်ဆေး

ABN-ရာဟု

ဇူလိုင် ၂၆ ရက်

ရခိုင်တပ်တော်AAနှင့် ပတ်သတ်မှုရှိသည်ဟုဆိုကာ ပုဒ်မ၂ ခုနှင့် တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရးမှူး၂ ဦးကို ဇူလိုင်လ ၂၅ရက်နေ့က တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် သြဂုတ်လ ၈ရက်နေ့သို့ ရုံးချိန်းလိုက်သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း(ဒိုင်းနက်)ကျေးရွာအုပ်ချပ်ရေးမှူး ဦးဦးကျော်လှ အသက် ၆၆နှစ်နှင့် မီးကျောင်းစျေး (မူဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း အသက် ၆၀နှစ်တို့မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် ၁၇(၂) ပုဒ်မ ၂ခုဖြင့် ဇူလိုင်လ ၁၄ရက်က တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဇူလိုင်လ ၂၅ရက်နေ့ ရုံးထုတ်စစ်ဆေးရာတွင် တရားသူကြီးက ၎င်းတို့ ၂ဦးကို ရက္ခိုင့်တပ်တော် AAနှင့် ပတ်သက်ဆက်စပ်မှုရှိ မရှိနှင့် ရက္ခိုင့်တပ်တော် AAကို ငွေကြေးအရ ထောက်ပံ့ပေးမှု ရှိ မရှ်ိကို မေးမြန်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုက့်တပ်တော် AAနှင့် ပတ်သက်ဆက်နွယ်မှုမရှိသလို ငွေကြေးထောက်ပံ့ပေးမှုလည်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦးမှ ဖြေကြားထွက်ဆိုခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်းဇနီးက ပြောဆိုသည်။

“တရားရုံးက AAနဲ့ပတ်သက်တာရှိလား၊ AAကို ငွေတွေ ထောက်ပံ့ပေးခဲ့တာရှိလား၊ အဲလိုမေးတာ၊ သူတို့က ပတ်သက်တာနဲ့ ငွေကြေးထောက်ပံ့ပေးတာ တစ်ခုမှမရှိဘူးဖြေတော့ လက်မှတ်ထိုးခိုင်းပါတယ် သူတို့ကို” ဟု အုပ်ချုပ်ရေးမှူးဦးဟာမိတ်တူဆောင်းဇနီးက ABN သို့ ပြောသည်။

တရားရုံးက စွဲချက်တင်ခံထားရသူများဘက်မှ သက်သေ၄ဦးကို စစ်ဆေးရန်ရှိသည့်အတွက် အမှုကို သြဂုတ်လ ၈ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု မိသားစုဝင်များကပြောဆိုသည်။

၎င်းတို့ ၂ဦးကို စွဲဆိုထားသည့် ပုဒ်မ ၂ခုအနက် ပုဒ်မ ၁၇(၁)မှာ ထောင်ဒဏ်၂နှစ်မှ ၃နှစ်အကြား၊ထောင်ဒဏ်နှင့်ငွေဒဏ်ပါပူးတွဲချမှတ်နိုင်သလို ပုဒ်မ ၁၇(၂) မှာ ထောင်ဒဏ် ၃နှစ်မှ ၅နှစ်ကြား နှင့်ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်သည်ဟု သိရသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင် မြို့နယ် အခြေစိုက် တပ်ရင်း ၂၃၄ စစ်ဗျူဟာက ခေါ်ယူမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ဦးသွားရောက်ခဲ့စဥ် ၎င်းတို့ ၂ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦးမှာ စစ်ကြောရေးတွင် ရက်ပေါင်း ၂၀ကျော် ဖမ်းဆီးနှိပ်စက် ရိုက်နှက်ခံခဲ့ရကာ စက်တက်ဘာလ ၂၉ ရက်နေ့ညနေမှ ဘူးသီးတောင်နယ်ခြားစောင့်တပ်ရင်းသို့ရောက်ရှိကာ ထိုနေရာမှတစ်ဆင့် ရဲလက်သို့ရောက်ရှိခဲ့သည်ဟု သိရသည်။

၎င်းတို့၂ဦးကို ဘူးသီးတောင် စကစဗျူဟာတပ်ရင်း စရဖတပ်မှ ဗိုလ်ကြီးနေမင်းဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့၂ဦးမှာ ဘူးသီးတောင်အကျဥ်းထောင်တွင် ရှိနေပြီး စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် နေမကောင်းဖြစ်နေကာ ဆေးဝါးကုသမှုများပြုလုပ်ရန် မိသားစုဝင်များက တောင်းဆိုထားသော်လည်း ကုသခွင့်မရဟု မိသားစုဝင်များကပြောကြားချက် အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ