Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် တပ်ရင်းဌာနချုပ်စခန်းသိမ်းတိုက်ပွဲတွင် AAအမျိုးသမီးစစ်သည်များပါဝင်တိုက်ခိုက်

AB News – ဧပြီ ၆၊ ၂၀၂၄

ဘူးသီးတောင် အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်၏ အမျိုးသမီး စစ်သည်များပါဝင်ခဲ့သည်ကို  AA ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယမန်နေ့ ဧပြီလ ၅ ရက်နေ့က ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် AA၏ အမျိုးသမီးတပ်ဖွဲ့ဝင် ၅ ဦးတို့ကို လက်နက်များနှင့်အတူ တွေ့ရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်တွင် အမျိုးသမီး စစ်သားများအား အမျိုးသားစစ်သားများနည်းတူ သင်တန်းတက်နေသည့် ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသော်လည်း စစ်မြေပြင်တွင် လက်နက်ကိုင် အမျိုးသမီး စစ်သားများကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မိုခါ ဆိုင်ကလုန်းကာလတုန်းက ပြန်လည်ကုစားရေးနှင့် နေရာချထားရေးလုပ်ငန်းများတွင်  AA အမျိုးသမီး စစ်သည်များအား တွေ့ခဲ့ကြရသည်။

ဘူးသီးတောင်တိုက်ပွဲအတွင်းသိမ်းပိုက်ရရှိခဲ့သည့် တပ်ရင်းဌာနချုပ်အရှေ့တွင် ရက္ခိုင့်တပ်တော် အမျိုးသမီးစစ်သည် ၅ ဦးနှင့် အမျိုးသား စစ်သည် ၄ ဦးတို့အား မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား AAက အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိနေကြောင်း AA ကဆိုသည်။
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ