Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်၊မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေ

ရခိုင်ပြည်၊ ကျောက်တော်၊ မင်းပြားနှင့်ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များမှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများ

အဆက်မပြတ် ပစ်ခတ်လျက်ရှိနေသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီ၂၉ မိနစ်အချိန်မှစ၍ မင်းပြားမြို့နယ် ကျိန်းတောင်ဘုရားပေါ်တွင် တပ်စွဲထားသော ၃၇၉ နှင့် ၃၄၀ တပ်ရင်းတို့မှ အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။

ဖလောင်းပြင်၊ ရေငံဆည်၊ကျားပိုက္ကေ၊ သစ်ပုတ်တောင်၊ သင်္ဂနက်နှင့် ကျားရှည်ပြင် ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ရွာသူရွာသားများမှာ ဗုံးခိုကျင်းများတွင် ပုန်းခိုနေကြရကြောင်း သိရသည်။

“ဒီနေ့ ၈ နာရီ ကျော်လောက်က စပစ်တာပါ။ ရွာသူရွာသားတွေ အကုန်လုံး ဗုံးခိုကျင်းတွေမှာ ဆင်းပုန်းနေကြရပြီ၊ အခုထိပစ်နေတုန်းပဲ” ဟု ဒေသခံတစ်ယောက်က ABN သို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ထိုသို့ ဆက်တိုက်ပစ်ခတ်နေမှုကြောင့် စိုးရိမ်ထိတ်လန့်ကာ ရေငံဆည်နှင့် ကျားရှည်ပြင်ကျေးရွာတို့တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသွားကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများကိုမူ မသိရသေးပေ။

ထို့အတူ ယနေ့အောက်တိုဘာ ၂၉ ရက်နေ့ညတွင်ပင် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်မ ၅၅၁ မှ အနီးအနားကျေးရွာများဖြစ်သည့် ဂူတာပြင်၊မေယုတောင်၊ ငှက်ပျောချောင်း၊ ကျောက်စာတိုင်နှင့် သပိုးချောင်းကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိနေသည်။

ညနေ ၄ နာရီကျော်လောက်မှ စကာ ထိုကျေးရွာများဖက်သို့ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်တော်မြို့နယ်တွင်လည်း ယနေ့ အောက်တိုဘာလ ၂၉ ရက် ည ၉နာရီ ၄၅ မိနစ်ခန့်က ကျောက်တော်မြို့နယ် အခြေစိုက် စကခ ၉ မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျက်ရှိနေသည်။

ပစ်ခတ်မှုများကြောင့် ကျောက်တော်မြို့နယ် နဂရာကျေးရွာဖက်သို့ ကျရောက်ကြောင်းသိရသည်။

” အခု ၉ နာရီ ၄၅ မိနစ်လောက်မှာ စပစ်တာ၊ လေးငါးခေါက်လောက်တော့ ရှိပြီ၊ စကခ ၉ က ပစ်တာ၊ နဂရာရွာဖက်သို့ကျတယ်လို့ သိရတယ်” ဟု အနီးအနားကျေးရွာ မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ယခုလအတွင်း ရခိုင်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေမှုများကြောင့် အရပ်သား သေဆုံးမှု ပြင်းထန်ဒဏ်ရာရရှိမှုများ ရှိနေသည်။

ဘူးသီးတောင်၊မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ