Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ပစ်သည့် လက်နက်ကြီးကျည် ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခု၏ ဧရိယာအတွင်း ရောက်ကျပေါက်ကွဲမှုဖြစ်ပွား

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ပစ်သည့် လက်နက်ကြီးကျည် ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခု၏ ဧရိယာအတွင်း ရောက်ကျပေါက်ကွဲမှုဖြစ်ပွား

ABN-ရှိူင်းမိုး

သြဂုတ် ၂၅ရက်

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်မကြီးမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခု၏ ဧရိယာအတွင်းကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၂၃ရက်နေ့ ညနေပိုင်း ၅နာရီခွဲကျော်အချိန်တွင် ဘူးသီးတောင်မြို့ စစ်ကောင်စီ စကခ (၁၅)တပ်မမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်းသိရှိရသည်။

စကခ ( ၁၅ )တပ်မမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဘူးသီးတောင်မြို့နယ် နတ်အိုင်ရွာအနီးရှိ ရက္ခိုင့်တပ်တော်၏ တပ်ဖွဲ့ဝင်များနေသည့် တပ်စခန်း ဧရိယာထဲကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရသည်။

ထိုသြဂုတ်လ ၂၃ရက်နေ့က စကခ (၁၅) တပ်မမှ လက်နက်၊ ခဲယမ်းစမ်းသပ်မှုပြုလုပ်မည်ဟု ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည့်အတွက် ရယ်ရွည်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

“သူတို့က လက်နက်၊ ခဲယမ်းစမ်းသပ်ရင် ဒေသခံတွေကို အကြောင်းကြားကြတယ်၊ အဲဒီနေ့က လက်နက်၊ ခဲယမ်းစမ်းသပ်ခဲ့တယ်လို့ကြားတယ်၊ ဒါပေမယ့် တစ်ယောက်မှ မသိကြဘူး၊ လက်နက်ကြီးပစ်တဲ့အသံကြားလိုက်တယ်၊ ဒါပေမယ့် ၂ကြိမ်လောက်ပဲကြားလိုက်တာ၊ ဒါကလက်နက်စမ်းတာမဟုတ်ဘူး၊ သူတို့တမင်လုပ်ကြံတာလို့ပဲပြောရမယ်၊ ပြီးတော့ ဒေသခံတွေကို အကြောင်းကြားထားတာလဲမရှိပါဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဦးသဘောတူ အပစ်အခတ်ရန်စဲထားကြသည့်အချိန်ဖြစ်သောကြောင့် မည်သည့်အဖွဲ့အစည်းဖက်ကမဆို လက်နက်၊ ခဲယမ်းစမ်းသပ်မှုပြုလုပ်ပါက ဒေသခံများကို အကြောင်းကြားသင့်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

“တပ်စခန်းတွေက လက်နက်၊ ခဲယမ်းစမ်းသပ်လို့ရတယ်၊ မရဘူးလို့ ကျွန်နော်တို့မပြောဘူး၊ ဒါပေမယ့် ဒီအချိန်က အပစ်အခတ်ရပ်ထားတာ၊ ဒါကြောင့် လက်နက်စမ်းသပ်ပစ်ခတ်မှုလုပ်မယ်ဆိုရင် အနီးနားကဒေသခံတွေကိုအသိပေးသင့်တယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်က ပစ်သည့်လက်နက်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော် တပ်စခန်းဧရိယာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းသည် စစ်ကောင်စီတပ်က ဒေသမတည်ငြိမ်အောင် ရန်စနေသည်နှင့်တူကြောင်း လိပ်မရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်) စမ်းသပ်ပစ်ခတ်တဲ့ လက်နက်ကြီးက ရက္ခိုင့်တပ်တော် ဧရိယာထဲ ရောက်သွားတာဟာ မဖြစ်သင့်တဲ့ကိစ္စပဲ၊ အဲဒီနေရာမှာ ဘာမှမဖြစ်ခဲ့လို ကံကောင်းသွားတယ်၊ တခုခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြေရှင်းမှာလဲ၊ မပစ်ဘူးလို့ငြင်းမှာလား၊ ဒါဟာ ဒေသမတည်ငြိမ်အောင် ရန်စနေတာနဲ့ တူတယ်” ဟုပြောသည်

အပစ်အခတ်ရပ်စဲပြီးနောက် ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ ပြည်သူများကိုအသိပေး၍ လက်နက်၊ ခဲယမ်းစမ်းသပ်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ