Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လူ ၁ဝ ကျော်သေဆုံးပြီး ကျေးရွာ ၁၄၆ ရွာနှင့် စာသင်ကျောင်း ၁၃၁ ကျောင်း ပျက်စီး

ABN-နွယ်စိုး

မေ ၃၁ရက်

ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၄ နေ့က ဖျက်အားပြင်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၁ဝ ကျော်သေဆုံးပြီး ကျေးရွာ ၁၄၆ ရွာပျက်စီးဆုံးရှုံးသွားခဲ့ကာ စာသင်ကျောင်း ၁၃၁ ကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသ စာရင်းများအရ သိရသည်။

သေဆုံးသွားသူများမှာ ဖိုးခေါင်းချောင်းရွာမှ ၆ နှစ်အောက်ကလေးငယ် အဒူရာမောက်၊ ဝက်မကျရွာမှ ၃လသား ကလေးငယ် ချော်ဟိဒ၊ သဇင်တောရွာမှ ၄လသားကလေးငယ် ဟာရူး၊ဝက်မကျရွာမှ ၅ နှစ်သားကလေးငယ် မာမောက်ဂျူနိုင်၊ စည်တောင်ရွာမှ အသက် ၅၄ နှစ်အရွယ် ဦးစံရွှေတို့ဖြစ်ပြီး ကျန်ရှိနေသည့် သေဆုံးသူ စာရင်းများကို ဆက်လက်စုံစမ်းနေကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် မိုခါမုန်တိုင်းဒဏ်ကြောင့် ကျေးရွာ ၁၄၆ ရွာ နှင့် လူနေအိမ်များပျက်စီးဆုံးခဲ့ကာ ယင်းအနက်မှ ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးသွားခဲ့သည်ရွာများမှာ စည်တောင်၊ ဘုရားပြင်အောင်၊ ဖုံညိုလိပ်၊ သိမ်တောင်ပြင်တို့ဖြစ်ကြောင်း သိရသည်။

” ပျက်စီးတာကတော့ ကျေးရွာ ၁၅ဝ ကျော်ပါတယ် ဒါပေမယ့် ဘယ်အဖွဲ့အစည်းမှ ကူညီပေးတာမျိုးမရှိသေးပါဘူး၊ လူနေအိမ်တွေလည်း အတော်လေး ပျက်စီးသွားပါတယ်၊ သေသွားတဲ့သူတွေကျတော့ ၁၀ ကျော်ရှိမယ်လို့ထင်ပါတယ်၊ ဖြစ်နိုင်ရင် အကူအညီလည်း လာပေးစေချင်ပါတယ်” ဟု ဒေသခံတာဝန်ရှိသူတစ်ဦးမှ ABNသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လူနေအိမ်များနှင့် ကျေးရွာများ ပျက်စီးသွားခဲ့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများအပါအဝင် စသည့် ကယ်ဆယ်ရေးအဖွဲ့များထံမှ ကူညီကယ်ဆယ်ရေး မရရှိသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ