Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့တွင် အရပ်သား ၂၀ ဦးထက်မနည်းတရက်တည်းတွင် ဖမ်းဆီးခံရ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရခိုင်ပြည် ဘူးသီးတောင်မြို့ မြို့မှဈေးမှ အရပ်သား ၂၀ ဦးထက်မနည်းကို ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ်က ဖမ်းဆီးသွားကြောင်း ဈေးသူ/ဈေးသားများကပြောသည်။

ထိုအရပ်သား ၂၀ ဦးကျော်တို့တွင် ဈေးသည်၊ ဈေးခွန်ကောက်၊ ဈေးလုံခြုံရေးရဲ၊ ခရီးသည်တင်ယာဥ်ဘုတ်ပိုင်ရှင်/မောင်းသူ၊ ကွမ်းယာရောင်းသူ၊ ကားခွန်ကောက်သူ၊ စသည့် ဈေးဝန်ထမ်းများ ဖြစ်နေသည်ကို တွေ့ရသည်။

ထိုသူတို့ကို ဘူးသီးတောင်မြို့ဘုတ်ဆိုက်နှင့် မြို့မဈေးများမှ စစ်ကောင်စီတပ် ဘူးသီးတောင်မြို့အခြေစိုက်စစ်ဗျူဟာက စစ်ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းသိရသည်။

ဖမ်းဆီးခံရသူများမှာ ဘုတ်ပိုင်ရှင်နှင့် ဘုတ်မောင်သူများဖြစ်ကြသည့် ဦးအူဘိုင်ဒုလ္လာ (မူဆလင်)၊ မောင်သက်ထူး၊ မောင်မောင်ချေ၊ ဦးသိန်းမောင်ချေ၊ ဦးအောင်ကျော်ဌေး (၅) ဦး၊ ဈေးကောက်များဖြစ်ကြသည့် ဦးကျော်လှမြင့်၊ မောင်အေးထွန်း၊ ဦးတင်ဝင်း၊ ဦးကျော်စိုးနိုင် တို့ (၄) ဦး၊ ဈေးကောက်များမှာ ဘူးသီးတောင်မြို့ အမှတ် ၄၊ ၅ ရပ်ကွက်တို့မှဖြစ်ကြသည်။

ထို့အပြင် ကားမောင်သမား ဦးစိုးရွှေထွန်း၊ ကုမ္ပဏီဝန်ထမ်း ညီညီစိုး၊ သုံးဘီးမောင်သူ မောင်ဝင်းချေ၊ ဈေးလုံခြုံရေးရဲ ဦးဇော်ဝင်း (ဒိုင်းနက်) နှင့် တခြားသော ကုန်တင်ကုန်ချလုပ်နေကြသည့်မူဆလင်များနှင့် ကူးတော့ခ ကောက်ခံသူ၊ ကြက်ရောင်းသူ စသည်တို့ကိုဖြစ်ကြကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူများကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း သတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင့် လုံခြုံမှု ကင်းမဲ့နေသည်ဟု ခံစားရကြောင်း အမည်မဖော်လိုသူ တဦးက ဝေဖန်ပြောဆိုသည်။

“စစ်တပ်က စစ်တပ်ရဲ့ တာဝန်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေး ကာကွယ်ရေးကို မလုပ်ဘဲ ပြောင်းပြန်သဘောဖြစ်နေတယ်။ သူခိုး ဓားပြတွေလုပ်တဲ့အလုပ်ကို စစ်တပ်ကလုပ်နေတယ်။ ကျမတို့မှာ လုံခြုံရေးလုံးဝကင်းမဲ့လာပြီး၊ စစ်တပ်(စစ်ကောင်စီတပ်) ကိုမြင်ရင်ကို ထွက်ပြေးနေရတယ်” ဟု ဝေဖန်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ပုဏ္ဏားကျွမ်း၊ မင်းပြားစသည့်မြို့များမှ ပြည်သူများကို အကြောင်းပြချက် အမျိုးအမျိုးပြကာ ဖမ်းဆီးလျက်ရှိသည်။

ဘူးသီးတောင်မြို့တွင် အရပ်သား ၂၀ ဦးထက်မနည်းတရက်တည်းတွင် ဖမ်းဆီးခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ