Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပစ်ခတ်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီလေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာများကို အသုံးပြုကာ ကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်၊ ဂူတာပြင်နှင့် ကျောက်စာတိုင် ကျေးရွာများဘက်သို့ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီကျော်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အတွင်း ထိုကျေးရွာများသို့ တောင်ကုန်းများတွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီအမြောက်ကြီးတပ်များကလည်း ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ည ၈ နာရီအတွင်းက ကျေးရွာအနီး လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများဘက်သို့ ကုန်းကြောင်း လေကြောင်းများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ ကျီးလန့်စာစားဖြစ်နေကြရသည်ဟု ဒေသခံရွာသားများကဆိုသည်။

“၄ နာရီကျော်လောက်က ဂျက်ဖိုက်တာနှစ်စီးနှင့် လာပစ်တာ၊ ရွာသားတွေအကုန် ကြောက်လန့်ပြီး ပုန်းနေကြရတယ်၊ ရွာတွေကို ထိခိုက်မှုတော့ မရှိသေးဘူး ဒါပေမယ့် အပေါ်ကပစ် အောက်ကပစ်နဲ့ ကျမတို့မှာ အသက်လုနေရတဲ့အခြေအနေပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ တိုက်ပွဲညဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများနှင့် အနီးအနားတောတောင်များကို ကုန်းကြောင်း လေကြောင်းများဖြင့် စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ သူတို့ ရိက္ခာသယ်ယူရေးအတွက် လမ်းရှင်းခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ရခိုင်ပြည်တွင်း စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

“ခုချိန်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်ကို အသုံးပြုနေတယ်။ ဒီလိုလုပ်လိုက်တော့ သူတို့တပ်တွေအတွက်ပါ ရိက္ခာအကြပ်ရိုက်သွားတာပေါ့။ တချို့စကစ စစ်သားတွေ အစာငတ်သေတာမျိုးတောင် ကျနော်တို့ သိနေရတယ်။ ဒီလိုအခြေအနေမှာ တိုက်ပွဲ ဖြစ်ဖြစ်မဖြစ်ဖြစ် ရိက္ခာပို့ဖို့ လမ်းရှင်းဖို့အတွက် ကုန်းရော လေပါ တိုက်နေတာဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါ ဂျက်ဖိုက်တာနှစ်စီးမှာ တရုတ်ထုတ် JF – 17 အမျိုးအစားဖြစ်ကြောင်း ABN သတင်းဌာနမှ စုံစမ်းသိရှိရသည်။

ယခုလ အောက်တိုဘာလ ၂၅ ရက်တွင်လည်း ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIA၏ ၆၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာများကိုအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်အရပ်သားပြည်သူ ၆၀ ဦးခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဘူးသီးတောင်နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပစ်ခတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ