Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စစ်ကောင်စီတပ်က မိုင်းရှင်းရန်ဟုဆိုကာ နှင်ထုတ်ခံထားရသည့် ရွာ ၂ ရွာမှ လယ်သမားများ လယ်လုပ်ရန် အခက်ကြုံနေရ

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်က မိုင်းရှင်းရန်ဟုဆိုကာ နှင်ထုတ်ခံထားရသည့် ရွာ ၂ ရွာမှ လယ်သမားများ လယ်လုပ်ရန် အခက်ကြုံနေရ

ABN-ရှိုင်းမိုး

ဇူလိုင် ၂၀ရက်

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က မိုင်းရှင်းရန်ဟုပြော၍ နှင်ထုတ်ခံထားရသော ရွာ ၂ရွာမှ လယ်သမားများ လယ်လုပ်ရန် အခက်​ကြုံတွေ့နေရသည်ဟုသိရသည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ဘူးသီးတောင်မြို့နယ် ဖရုံချောင်းရွာနှင့် ငှက်ပျောချောင်းရွာ ၂ရွာမှ ရွာသားများကို မိုင်းရှင်းလင်းရန်ဟုဆိုကာ ခြိမ်း​ခြောက်နှင်ထုတ်ခဲ့သည်။

နှင်ထုတ်ခံထားရသည့်ရွာသားများမှာ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များတွင်နေကြရပြီး လက်ရှိအချိန်ထိ ရွာပြန်ခွင့်မရသေးသောကြောင့် လယ်သမားများအတွက် ယခုနှစ်တွင် လယ်လုပ်ရန်အခက်ခဲဖြစ်နေကြရသည်ဟု ငှက်ပျောချောင်းရွာမှ အမည်မဖော်လိုသည့် လယ်သမားတစ်ဦးကပြောသည်။

“၂လနီးပါးရှိပါပြီ ခုထိရွာမပြန်ရသေးပါဘူး ဘာမှလည်းလာပြောတာမရှိသေးဘူး၊ မိုင်းရှင်းမယ်လို့ပြောပြီးနှင်ထုတ်ထားတာပါ၊ နောက်ပြီးကျွန်နော်တို့က တောင်သူလယ်သမားတွေ လယ်လုပ်တဲ့အချိန်ရောက်နေပြီ၊ အခုက လယ်နဲ့လည်းအလှမ်းဝေးတယ်၊ မိုးရာသီဆိုရင်လည်းအဆင်မပြေဘူး၊ လယ်ဆိုတာ တစ်ယောက်တည်း လုပ်လို့ရတာမျိုးမဟုတ်ဘူး၊ ကိုယ်တစ်ယောက်ထဲသွားလုပ်လို့ရမယ်ဆိုရင်လည်းအဆင်ပြေမှာ၊ အခုက ဘယ်လိုမှအဆင်မပြေပါဘူး” ဟုပြောသည်။

မိုင်းရှင်းလင်းရန် ရွာသားများကို ရွာမှ နှင်ထုတ်ခဲ့သည်မှာ မှန်ကန်သည့်အကြောင်းပြလျက်မဟုတ်ဟု ဖရုံချောင်းရွာသား တစ်ဦးက ပြောသည်။

“ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် အဲနားမှာ ကျွန်နော်တို့ ၂ရွာတည်းမဟုတ်ဘူး၊ တခြား မူဆလင်ရွာတွေလည်းရှိပါတယ်၊ ဒါပေမယ့် မူဆလင်တွေကိုကျဘာမှမပြောဘူး၊ မူဆလင်တွေက ရွာမှာနေလို့ရတယ်၊ ကျနော်တို့ကမရဘူးဆိုတာမဖြစ်နိုင်ပြီး၊ တကယ်လို့ မိုင်းရှင်းမယ်ဆိုရင်တောင် ၂လထိကြာဖို့လိုအပ်လို့လား” ဟုဆိုသည်။

မိုးရာသီ စပါးစိုက်ပျိုးချိန်၌ လယ်မလုပ်ရပါက စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာနိုင်သည့်အပြင် သားသမီးများကို ပညာသင်ပေးရန်ပင် အခက်ကြုံလာရမည်ဟု နောက်ထပ် ရွာသား တစ်ဦးက ပြောသည်။

“မိုးရာသီလယ်မလုပ်နိုင်ရင် နွေရာသီရောက်ရင် စားဝတ်နေရေး အခက်တွေ့လာနိုင်တယ်၊ နောက်ပြီး ပညာသင်နေတဲ့ လယ်ရှင်မိဘတွေအတွက်လည်း အရမ်းခက်ခဲနေမှာပဲ” ဟုပြောသည်။

ဖရုံချောင်းရွာတွင် အိမ်ထောင်စု ၁၈စု၊ လူဦးရေ ၈၀ ကျော်ရှိပြီး၊ ငှက်ပျောချောင်းရွာတွင် အိမ်ထောင်စု ၂၃စု၊ လူဦးရေး ၁၀၀ ကျော်ရှိသည်ဟုသိရသည်။

စစ်ကောင်စီ၏ တပ်မ ၂၂သည် ထိုကျေးရွာရှိ ဘုန်ကြီးကျောင်းထဲတွင်တပ်စွဲနေထိုင်ကြသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ