သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) အဖြစ်ပြောင်းလဲပြီး ရခိုင်ပြည် ကျောက်ဖြူဖက်မှ ဖြတ်သန်းဝင်ရောက်နိုင်

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) အဖြစ်ပြောင်းလဲပြီး ရခိုင်ပြည် ကျောက်ဖြူဖက်မှ ဖြတ်သန်းဝင်ရောက်နိုင်

ABN-မေအိအိအောင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) မိုခါ(MOCHA)အဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

ယနေ့ မေလ ၁၁ ရက်နေ့ ၆ နာရီ ၃၀ မိနစ် မိုးဇလ တိုင်းတာချက်အရ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) မိုခါ(MOCHA)သည် လာမည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် ကျောက်ဖြူနှင့် စစ်တွေအနောက်ဘက်သို့ စတင်ဝင်ရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၆ မိုင်မှ ၁၁၀ အထိတိုက်ခတ်နိုင်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်သည် ရခိုင်ပြည် စစ်တွေမြို့ ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်အကွာတွင် ဗဟိုပြုနေပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသောကြောင့် လိမ္မော်ရောင် အဆင့်ဟု မိုးဇလက သတ်မှတ်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) မိုခါ(MOCHA)သည် ယနေ့ညပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) မိုခါ(MOCHA)အဖြစ်သို့ပြောင်းလဲနိုင်ပြီး နောက်လာမည့် မေလ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Coxs Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ယင်းအပြင် မုန်တိုင်းတိုက်ခတ်ချိန်တွင် မုန်တိုင်းပြင်းအားတိုက်ရိုက်ထိတွေ့နိုင်သော မြို့များမှာ ကျောက်ဖြူ နှင့် စစ်တွေ အပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း ၊ ပေါက်တော၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင် ၊ သံတွဲနှင့် ဂွမြို့တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဖြတ်ကျော်စဉ် ရခိုင်ပြည် ရှိ စစ်တွေခရိုင်နှင့် မောင်တောခရိုင်တို့မှ မြစ်ဝ၊ မြစ်လက်တက်များတွင် ဒီရေ ၁၀ ပေမှ ၁၄ ပေခန့် မြင့်တက်နိုင်ပြီး ကျောက်ဖြူခရိုင်ရှိမြစ်ဝ၊ မြစ်လက်တက်များအတွင်း ဒီရေ ၇ ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်ကြောင်း မိုးဇလက ခန့်မှန်းသည်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် ကုန်မြင့်ဒေသအနီးနေထိုင်သူများနှင့် ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ