Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗန်းဗွီး စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများလိုအပ်နေ

AB News – ဟိန်းထွန်း

အောက်တိုဘာ ၃၁ ရက်

ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီး စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထိုစခန်းရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ အခက်အခဲနှင့်ရင်ဆိုင်နေရပြီး အလုပ်အကိုင်လည်းရှားပါးလာခြင်းရှိနေသည် ဟု ၎င်းတို့ပြောပြချက်အရ သိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုနည်းပါးနေသည့်အတွက် စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လတ်မှုရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်ထွန်းဝင်းက AB News သို့ပြောသည်။

“အဖွဲ့အစည်းတွေ ထောက်ပံ့ကူညီမှုလည်းနည်းပါးသွားတယ်၊ အလုပ်တွေလည်းမရှိဘူး၊ စားဝတ်နေရေးအခက်ဖြစ်နေပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များသည် ကြုံရာကျပန်းလုပ်ကိုင်နေရခြင်း၊ တောင်ပေါ်တက်ပြီး ဝါးခုတ်၊ သစ်ခုတ် ရှာဖွေနေရခြင်းများကြောင့် မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း စစ်ဘေးရှောင်များကပြောသည်။

၎င်းစခန်းတွင် အိမ်ထောင်စု အရေအတွက် ၂၅ စု၊ လူဦးရေ ကျား ၄၉ ဦး၊ မ ၅၇ ဦးပေါင်း ၁၀၆ ဦးရှိပြီး ၎င်းအထဲမှ မသန်စွမ်း ၁ ဦး၊ ကိုယ်ဝန်ဆောင်မိခင်၊ ၁ ဦး၊ နို့တိုက်မိခင် ၅ ဦး၊ သွေးတိုးရောဂါခံစားနေရသူ ၆ ဦး နှင့်ယားနာဖြစ်ပွားနေသူ ၈ ဦးအထက်ရှိကြောင်း AB News ကစုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီဖျားရွာမှ ၁၁ စု၊ လောင်းဘုတ်ရွာမှ ၅ စု၊ အောင်မကျော်ရွာမှ ၃ စု၊ ကံသစ်ရွာမှ ၁ စု၊ ထုံးဘု ရွာမှ ၁ စု၊ နှင့် ကျောက်တော်မြို့နယ် ဝါးတောင်ရွာမှ ၁ စုတို့ဖြစ်သည်။

ထို့အပြင် ဗန်းဗွီးရွာမှ အိမ်ထောင်စု ၄ ခုသည် မိုခါမုန်တိုင်းပြီးနောက် ၎င်းတို့နေအိမ်များပျက်စီးသွားသည့်အတွက် ထိုစခန်းတွင် နေထိုင်ကြောင်း သိရသည်။

၎င်းစခန်းသည် ပြိုင်းတောင် တောင်တန်းအောက်တွင်တည်ရှိပြီး မြိုလူမျိုးများ အများဆုံးနေထိုင်ကြသည်။

၂၀၁၉ ခုနှစ်တွင် အောင်မကျော်ရွာအတွင်း AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ တင်းမာခဲ့၍ စစ်ဘေးရှောင်လာကြသူများဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ