Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖုန်းလိုင်း အင်တာနက်လိုင်း ၂ ပတ်ခန့်ကြာ ပြတ်တောက်နေခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းသို့ ကယ်ဆယ်ရေးအလှူများ စတင်ရောက်ရှိလာ

ABN-ကိုဟိန်းထွန်း

မေ ၃၁ ရက်

ဆက်သွယ်ရေး ဖုန်းလိုင်း အင်တာနက်လိုင်းများ မုန်တိုင်းကြောင့် ၂ ပတ်ခန့်ကြာ ပြတ်တောက်နေခဲ့သည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားကန်ချောင်းတွင် ကရင်ပြည်နယ်၊မြဝတီမြို့ရှိ ဦးဥတ္တမဖောင်ဒေးရှင်း အသင်းမှ ဦးဆောင်၍ လုံးဝပြိုလဲသွားသည့်အိမ်များကို ငွေကျပ် ၃ သောင်းစီဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ခဲ့ကြောင်းတွေ့ရသည်။

မေ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် တောဖျားကန်ချောင်းရွာတွင် အိမ်များနှင့် တောင်ယာလုပ်ငန်းများထိခိုက်ပျက်စီးမှု များစွာရှိခဲ့ကြောင်း ABN မှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။

ထို့အပြင် တောဖျားချောင်းရှိ ကျေးရွာများမှာလည်း နေအိမ်များနှင့် သက်မွေးဝမ်းကြောင်းလုပ်နေကြရသည့် တောင်ယာလုပ်ငန်းများ အားလုံးပျက်စီးသွားကြောင်း ကန်ချောင်းရွာလူကြီး ၁ ဦးက ပြောသည်။

တောဖျားချောင်းရှိ ကျေးရွာသားများမှာ မုန်တိုင်းကြောင့် စားဝတ်နေရေး အခက်ကြုံနေရကြောင်းနှင့် လာရောက် ပေးကမ်းသူရှိမှ စားရမည့် အခြေအနေရှိကြောင်း ကန်ချောင်းရွာမှ အသက် ၆၀ ခန့် အဘွားအို ၁ ဦးက ပြောသည်။

“အခုလိုတကူးတကလာလှူတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျမတို့မှာ စားစရာတွေလည်းမရှိတော့ဘူး၊ အလုပ်အကိုင်လည်းမရှိတော့ဘူး၊ ပေးတဲ့သူဆီကရမှ စားရမယ့်ဘဝဖြစ်နေပါတယ်” ဟု ဆိုသည်။

၎င်းကန်ချောင်းရွာတွင် အိမ်ထောင်စုအရေအတွက် ၂၂၀ ရှိပြီး၊ မုန်တိုင်းကြောင့်အိမ်ခေါင်မိုးပွင့်၍ပျက်စီးသွားသည့်အိမ် ၁၈၆ လုံး၊ လုံးဝပြိုလဲသောအိမ် ၂၉ ဆောင် နှင့် တစ်ရွာလုံးတွင် အိမ် ၅ အိမ်သာ ကျန်ခဲ့သည်ကို တွေ့ရသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များကို ပြန်လည်ပြုပြင် တည်ဆောက်ရန် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရကြောင်း ၎င်းမှ ဆက်၍ပြောသည်။

“ပျက်စီးတာကအရမ်းများပါတယ်၊ အိမ်တွေပြန်လို့ပြုပြင်ရမှာကလည်း ပိုက်ဆံမရှိဘူး၊ ဘယ်လိုရှာကြံရမယ်ဆိုတာတောင်မသိတော့ဘူး” ဟု ဆိုသည်။

စစ်ကောင်စီကလည်း ဆန် ၁၀အိတ်၊ သံဖြူ ၄၅ ချက်၊ နှမ်းဆီ ၂၄လုံး၊ သွားပွတ်တံ ၂၇ ချောင်း၊ ငါးစည်ဗူး ၃ ဖာ၊ မာမီးခေါက်ဆွဲ ၁၀ ဖာ၊ ကုန်စုံဆန်အိတ် ၁ အိတ်၊ ငါးပိကြော် အရှည် ၁အိတ်၊ သွားတိုက်ဆေး ၁ ဖာ စုစုပေါင်း ၉ မျိုးပေးခဲ့ကြောင်းလည်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ