AB News – မတ်လ ၁၄၊ ၂၀၂၄
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ စျေးဝယ်ရန်လာသည့် ပြည်သူ ၁၄ ဦး ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၃ ဦးသေဆုံးကာ ၁၁ ဦးပြင်းထန်ဒဏ်ရာရှိသွားကြောင်း ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသွားသူများမှာ ပေါက်တောမြို့နယ်၊ ဆယ်သိန်းတန်ရွာမှ ကိုဦးလှမောင်၊ ကိုမောင်လှချေ နှင့် ကိုစိန်ထွန်းကျော်တို့ဖြစ်သည်။
၎င်းတို့အားလုံးသည် ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ပေါက်တောဖက်မှ ပုဏ္ဏားကျွန်းမြို့သို့ စျေးဝယ်ရန်လာစဥ် စစ်တွေမြစ်တွင် အခြေချတပ်စွဲထားသည့် နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ၁ လုံး ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ကျရောက်ပေါက်ကွဲစဥ် ကျဥ်ထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲစဥ် ပွဲချင်းပြီးတစ်ဦးသေဆုံးကာ ၂ ဦးမှာ ဆေးရုံသို့ပို့ချိန်လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“လက်နက်ကြီးက စစ်တွေဖက်ကလှမ်းပစ်တာ။ မြို့ထဲမှာ ၁လုံးကျတယ်။ပွဲချင်းပြီး တစ်ယောက်သေသွားပါတယ်။ ကျန် ၂ ယောက်ကိုတော့ ဆေးရုံကိုပို့ဆောင်ရင်းနဲ့ သေဆုံးသွားပါတယ် “ဟု ဆိုသည်။
လက်နက်ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသူ ၁၁ ဦးထဲတွင် ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရသူများရှိနေပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများအား ဆယ်သိန်းတန်ရွာသို့ ပို့ဆောင်ထားပြီးဖြစ်ရာ မနက်ဖြန် မြေမြှုပ်သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ စစ်ဘေးရှောင်မိသားစု ၄ဦးသည် ရွာပြန်လာချိန်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၂ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြသည်။
ရက္ခိုင့်တပ်တော်သည် ပုဏ္ဏားကျွန်းမြို့ကို အပြီးသတ်ထိန်းချုပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် နေစဥ်ရက်ဆက်ပစ်ခတ်မှုတို့ကြောင့် တစ်ပတ်အတွင်း ၅ ဦးသေဆုံးမှုရှိခဲ့ကြောင်း ပုဏ္ဏားကျွန်း လူငယ်များ အစည်းအရုံးက ထုတ်ပြန်ထားသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL