Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင် စစ်ကောင်စီက ပစ်သတ်ခဲ့သည့် ပြည်သူ့ရုပ်အလောင်းများအား ယနေ့ ညနေက မီးသင်္ဂြိုလ်

AB News-နိုဝင်ဘာ ၁၇၊ ၂၀၂၃

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ရက္ခိုင်ပြည် ပေါက်တောမြို့တွင် စစ်ကောင်စီတပ် (မြန်မာတပ်မတော်) က ပစ်သတ်၍ သေဆုံးသွားခဲ့သည့် ပြည်သူ့ရုပ်အလောင်းများအား ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း AB News ကစုံစမ်းသိရှိရရသည်။

စစ်ကောင်စီတပ် (မြန်မာတပ်မတော်) တပ်ဖွဲ့ဝင်များသည် ကြည်း၊ ရေ၊ လေ အသုံးပြုကာ ပေါက်တောမြို့အား နိုဝင်ဘာလ ၁၆ ရက်နေ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်စဥ် လောကထိပ်ပန် ဘုရားတောင်အောက်ရှိ အလှူခံဌာနအဆောင်အောက်ထပ်တွင် ပုန်းခေါ်နေကြသည့် ပြည်သူများအား ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူများနှင့် ရပ်ကွက်တွင်းရှိ နေအိမ်များထဲ ဝင်ရောက် ပစ်သတ်ခံခဲ့ရသူများဖြစ်သည်။

AB News က လက်ရှိတွင် ရရှိသော စာရင်းမှာ

ကျော်စိုးလင်း၊ ဘားချေ၊ ကျောင်းဆရာမ ဒေါ်မစောမြ၊ စန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်၏ ဖခင်ဖြစ်သူ ဘုန်းကြီးတစ်ပါး၊ ဦးဌေးဝင်း၊ ဒေါ်မကျော့သိန်း၊ လောကထိပ်ပန် ဘုရားတောင်အောက်တွင် ပစ်သတ်ခံခဲ့ရသူ ၅ ယောက်ခန့် (အမည်မသိရသေး)နှင့် နောက်ထပ် အမျိုးသမီး ၃ ဦး (အမည်မသိရသေး) တို့ စုစုပေါင်း ၁၄ ဦးဖြစ်သည်။

ကျော်စိုးလင်း၊ ဘားချေတို့မှာ ရပ်ကွက် ၁ ၊ ကျောင်းဆရာမ ဒေါ်စောမြ ရပ်ကွက် ၂ နှင့် ဒေါ်မကျော့သိန်း ရပ်ကွက် ၁ တို့မှ ဖြစ်ကြောင်း သိရသည်။

အမည်မသိရသေးသည့် အမျိုးသမီး ၃ ဦးမှာ ရပ်ကွက် ၁ မှဖြစ်ပြီး ၎င်းတို့မှာ လမ်းတွင် သွားနေစဥ် အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသတင်းပေးသူများက အတည်ပြုပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၇ နာရီ၌ ပေါက်တောမြို့ထဲတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် လောကထိပ်ပန် ဘုရားရင်ပြင်တွင် တပ်စွဲထားပြီး မြို့ထဲရှိ လမ်းဆုံ လမ်းခွများ၊ ဆိပ်ကမ်း၊ ဓာတ်တောင်ပတ်ဝန်းကျင်များတွင် လှုပ်ရှားလျက်ရှိကြောင်း AB News က ထောက်လှမ်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဓားစားခံ ဖမ်းဆီးထားသည့် ဒေသခံပြည်သူ ၆၀ ဦးခန့် (မျက်မြင် ခန့်မှန်း) များအား လောကထိပ်ပန် ဘုရားတွင်ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန် ရပ်ကွက်တွင်းရှိ နေအိမ်များကို သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ကြောင်းလည်း သိရသည်။

နေအိမ်များအတွင်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်စဥ်တွင်လည်း “ငါလိုးမသား AA တွေ၊ ငါတို့လာရင် ကြောက်လို့ ထွက်ပြေးတယ်။ မင်းတို့ AA တွေအကုန်ပစ်သတ်မယ်” စသည်ဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုကြောင်း ကိုယ်တိုင်ကြားခဲ့ရသည့် ထွက်ပြေးလွတ်မြောက်လာသူက AB News သို့ပြောသည်။

ပေါက်တောမြို့ထဲတွင် စစ်ကောင်စီတပ်ကို ကြောက်လန့်စွာဖြင့် ပုန်းခိုနေရသူများ ရှိနေသေးသည့်အတွက် ၎င်းတို့အား အရေးပေါ် ကယ်ထုတ်ရန်လိုအပ်လျက်ရှိသည်။

မှတ်ချက်-ဓာတ်ပုံပါ အမျိုးသမီးမှာ ကျောင်းဆရာမ ဒေါ်မစောမြ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ