Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင်းရှိ ပိတ်မိနေသည့် ပြည်သူများအား ဆက်လက်ကယ်ထုတ်နေကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ပေါက်တောမြို့တွင်းရှိ ပိတ်မိနေသည့် ပြည်သူများအား ဆက်လက်ကယ်ထုတ်နေကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်းရှိ ပိတ်မိနေသည့်ပြည်သူများအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ကယ်ထုတ်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့က ယမန်နေ့ည ၁၁ နာရီ ၃၂ မိနစ်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရေးတိုက်ပွဲများ ဆက်လက်ရှိနေပြီး ရက္ခိုင့်တပ်တော် အနေဖြင့် ကျန်ရှိနေသေးသော ပိတ်မိနေသည့် ဒေသခံပေါက်တောမြို့သူမြို့သားများအား ဆက်လက်ကယ်တင်ရန် ကြိုးစား လျက်ရှိကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့မှစပြီး ရက္ခိုင့်တပ်တော်မှ ပေါက်တောမြို့အား သိမ်းပိုက်ခဲ့ပြီးနောက် နယ်ချဲ့စစ်ကောင်စီတို့သည် လေတပ်၊ ရေတပ် ကိုအသုံးပြုပြီး ပေါက်တောမြို့သို့ ဗုံးကြဲတိုက်ခိုက်ကာ အင်အားအလုံးအရင်းဖြင့် ဝင်လာခဲ့သည်။

ထို့အပြင် စကစတို့သည် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး ဗိမ္မာန်တော်အောက်ထပ်၌ ပုန်းခိုနေသော ပြည်သူများထဲမှ ၃၀ ကျော်ကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်အပြင် ရာချီသော လူများကို လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲ ထိန်းသိမ်းထားခဲ့သည်။

ပိတ်မိနေပြည်သူ ၄၀၀ ကျော်ထက်မနည်းကျန်ခဲ့သည့်အတွက် စစ်ကောင်စီမှ အိမ်တွင်းများသို့ဝင်ရောက်ပြီး ပြည်သူများအားပစ်သတ်ခြင်း၊ ထွက်ပြေးသွားသည့်သူများအား လိုက်လံပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွက် အမျိုးသမီးငယ်များလည်း သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ မြို့အတွင်းသို့ဝင်ရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချေမှုန်းခဲ့ပြီး ၎င်းတို့ လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲထားသော ပြည်သူ ၁၀၀ နီးပါးကို ပထမအသုတ် ကယ်ထုတ်နိုင်ခဲ့သည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီတပ်ဖွဲ့များထိုးစစ်တိုက်ခိုက်ခဲ့ပြီး ပိတ်မိနေပြည်သူ ၁၀၄ ဦးအား ​ဘေးကင်းလုံခြုံစွာ ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ခဲ့သည်။

ကယ်ထုတ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်ဟု AA မှထုတ်ပြန်ထားသော်လည်း AB News မှသီးသန့်စုံစမ်းချက်အရ ၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ၂ ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း ပိတ်မိနေပြည်သူများနှင့် ဓားစာခံလုပ်ထားသူများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ကယ်ထုတ်လျက်ရှိကြောင်း တွေ့ရသည်။

ဓာတ်ပုံ- ပေါက်တောမြို့ လောကထိပ်ပန်ဘုရားတွင် စစ်ကောင်စီတပ်က ဓးးစားခံအဖြစ် ဖမ်းဆီးထားသည့် ပြည်သူများအား ရက္ခိုင့်တပ်တော်က ပြန်လည် ကယ်ထုတ်လာစဥ်/AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ