Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ဆယ်ကျော်သက်အရွယ် ၂ဦးအပါအဝင် ဒေသခံ ၉ဦး ထိခိုက်ဒဏ်ရာရ

ပေါက်တောမြို့ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ဆယ်ကျော်သက်အရွယ် ၂ဦးအပါအဝင် ဒေသခံ ၉ဦး ထိခိုက်ဒဏ်ရာရ

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ကျောက်ပြင်ကျေးရွာနှင့် တောင်ဦးမော်ရွာ တို့ကို စစ်ကောင်စီအဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညဥ့်၁၁နာရီခန့် အချိန်တွင် ဆယ်ကျော်သက်အရွယ် ၂ ဦးအပါအဝင် ဒေသခံ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ ပေါက်တောမြို့နယ် ကျောက်ပြင်ကျေးရွာမှ ဦးလှထွန်းဝေ ၄၅နှစ်၊ မောင်ကျော်စိုးလင်း ၁၄နှစ်၊ မောင်ဖိုးဝချေ ၁၀နှစ်၊ ဒေါ်ရွှေစိန်မ၆၃နှစ်၊ ဒေါ်ခင်မေချေ ၄၃နှစ်၊ မဦးသန်းရီ ၂၂နှစ်၊ ​ဒေါ်အေးနု ၄၂နှစ်တို့ ဖြစ်ကြပြီး တောင်ဦးမော်ရွာမှ ရွာသား ၁ဦးနှင့် ကျောက်ပြင်ကျေးရွာမှ ရွာသား ၁ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညဥ့် ၁၁နာရီခန့် အချိန်တွင် စစ်ကောင်စီအဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပေါက်တောမြို့နယ်ရှိ ကျောက်ပြင်ကျေးရွာနှင့် တောင်ဦးမော်ရွာမှ ရွာသား ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ၁ဦး ပြောဆိုသည်။

“မနေ့က ညဥ့် ၁၁နာရီခန့်အချိန်မှာ စစ်ကောင်စီရဲ့Y12 စစ်ထောက်ပို့ယာဥ်ဟာ ကျောက်ပြင်ကျေးရွာနဲ့ တောင်ဦးမော်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့ဒါကြောင့် ၎င်းရွာတွေက ရွာသား ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဘယ်သူတွေ ထိခိုက်ခဲ့တာလဲ အတိအကျတော့ မသိရသေးဘူး၊ ဒဏ်ရာရရှိခဲ့သူတွေကတော့ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရတယ်” ဟု ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် မင်းပြားကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့သောကြောင့် တုတ်ပင်လယ်ရွာမှ ရွာသား ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့သည် ၎င်းတို့ စစ်ရှုံးပြီး တပ်ဆုတ်ပြေးသွားခဲ့ရသည့် မြို့များ၊ နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုမှာ အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ထုံး လုပ်နည်းအတိုင်း ယုတ်မာသော လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဒီကောင်တွေ (စစ်ကောင်စီအဖွဲ့)က တိုင်းပြည်ကို အစိတ်အစိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးလာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ၊ တိုင်းပြည်လည်း ဘာမှ ရစရာမရှိတော့ဘူး။ ခုလည်း သူတို့ စစ်ရှုံးထားတဲ့နေရာတွေကို အကုန်ပြာကျအောင် ဖျက်ဆီးနေတာလို့ မြင်ပါတယ်၊ ငါးမရ အိုင်ကိုဖျက်တဲ့သဘောပေါ့ ” ဟု ပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ်မှ အမြင့်ကျွန်းတံတား (ခ) မင်းချောင်းတံတားတို့ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညက လေကြောင်းမှ ဗုံးကြဲချ ဖျက်ဆီးခဲ့သည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ