Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနှင့် ရသေ့တောင်နယ်ရှိ ကျေးရွာ ၇၀ ခန့် ရေကန်များ ဆားငံရေဝင်သွား၍ သောက်သုံးရေအခက်ကြုံနေရ၊ ကျွဲနွားများ နေ့စဥ်သေဆုံးမှုရှိနေ

ABN-မေ ၂၁ ရက်

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် တိုက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ် ကုလားတန်မြစ်ကြောင်းရှိ ကျေးရွာများတွင် ရေကန်များ ဆားငံရေဝင်သွား၍ သောက်သုံးရေအခက်အခဲကြုံနေရပြီး ကျွဲနွားများလည်း ရေငံကိုသောက်နေသောကြောင့် နေ့စဥ်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘေးတလျှော​က်တွင်ရှိသည့် ကျေးရွာ ၅၀ ခန့်တွင် ရေကန်များကို ရေငံရေ ဖုံးလွှမ်းသွားပြီး သောက်သုံး၍ မရတော့သဖြင့် ဒေသခံ ကျေးရွာသားများမှာ သောက်သုံးရေအခက်အခဲ ကြုံနေရကြောင်း ပရဟိတသမား ဦးဝေဟင်အောင်က ပြောသည်။

“ကုလားတန်မြစ်တလျှောက် ဘေးတစ်ဖက် တစ်ချက်က ကျေးရွာ ၅၀ လောက်မှာ ရေကန်တွေ ရေငံရေ ဝင်သွားတယ်။ သောက်သုံးရေအရမ်းအခက်အခဲဖြစ်နေတယ်။ အထူးသဖြင့် ကျွဲနွားတွေ နေ့တိုင်းသေနေကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ရေငံနစ်မြုပ်သွားသည့် ရေကန်များမှ ဆားငံရေများကို မော်တာ ပိုက်များဖြင့် စုပ်ထုတ်လျက်ရှိကြောင်း ဦးဝေဟင်အောင်က ဆက်ပြောသည်။

“ကျနော်တို့ တစ်ရွာက ရေကန် ၂ ကန်လောက်စီကို စုပ်ထုတ်နေပါတယ်။ မိုးရွာအမှီစုပ်ထုတ်လိုက်နိုင်မှ ဒီကန်ကရေတွေကို သုံးလို့ရမှာပါ။ ရေကန်တိုင်းကိုတော့ လိုက်လုပ်လို့မှီမှာမဟုတ်ပါဘူး။ တစ်ရွာကို ၂ ကန်လောက်ကို စုပ်ထုတ်နေကြပါတယ်” ဟုဆိုသည်။

ထို့အပြင် ရသေ့တောင်မြို့နယ် မယူမြစ်တလျောက်ရှိ ကျေးရွာ ၂၀ တွင်လည်း သောက်သုံး​ရေကန်များအားလုံး ဆားငံရေဝင်၍ ပျက်စီးသွားကြောင်း သိရသည်။

ဓာတ်ပုံ-ဦးဝေဟင်အောင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ