Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း​​ သုံးဘီးနှင့် ဆိုင်ကယ်သာ သွားခွင့်ရ

ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း​​ သုံးဘီးနှင့် ဆိုင်ကယ်သာ သွားခွင့်ရ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်ရှိ၊ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းကို စစ်ကောင်စီက ပြန်ဖွင့်ခဲ့သော်လည်း ဆိုင်ကယ် နှင့် သုံးဘီးများကိုသာခွင့်ပြုပြီး ကားများကိုသွားလာခွင့်မပြုဟု စုံစမ်းသိရှိရသည်။

အဆိုပါလမ်းသည် မိုင်နှုန်းအားဖြင့် ၂၂ မိုင် ၆ ဖာလုံရှိပြီး ပုဏ္ဏားကျွန်းမှ ရသေ့တောင်သို့ ဆက်သွယ်ထားသည့် အမာခံ ကျောက်ခင်းလမ်းမျိုးဖြစ်သည်။

ရခိုင်ပြည်အတွင်းရှိ ရသေ့တောင်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းတစ်လမ်းဖြစ်သည့်အပြင် ကျေးရွာများမှ ပညာရေး၊ ကျန်းမာရေး နှင့် စီးပွားရေးများအတွက် မှီခိုအားထားရာ လမ်းလည်းဖြစ်သည်။

ကားလမ်းဖွင့်ထားခဲ့သည်မှာ ၁ လကျော်ခန့်သာကြာမြင့်နေသေးပြီး ဆိုင်ကယ်၊ သုံးဘီးများသာ သွာလာခွင့်ပြု၍ ကားများကိုတော့ ခွင့်မပြုပေးဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ABN ကိုပြောသည်။

“လမ်းဖွင့်တာကတော့ ၁ လကျော်ပဲရှိပါသေးတယ်၊ ဆိုင်ကယ် သုံးဘီးတွေကိုတော့ ခွင့်ပြုထားပါတယ်၊ ကားတွေကျတော့ သွားလာခွင့်မပြုဘူး” ဟုဆိုသည်။

ထိုလမ်းကို အများဆုံးအသုံးပြုနေရသည့် ရွာပေါင်း ၆၀ ကျော်ရှိပြီးအသက်မွေးဝမ်းကျောင်း ပြုနေရသည့် အဓိကလမ်းဖြစ်ကြောင်း ၎င်းမှ ဆက်၍ပြောသည်။

“ကျွန်တော်တို့က ဒီလမ်းကိုအသုံးပြုနေတာကြာပါပြီ၊ ကျေးရွာတော်တော်များများက မှီခိုနေရပါတယ်၊ စစ်ဖြစ်ခဲ့တဲ့အချိန်ကစလို့ အလုပ်လက်မဲ့တာတွေဖြစ်ခဲ့ပါတယ်၊ အခုလို​ပြန်ဖွင့်တဲ့အတွက်လည်း ကောင်းပါတယ်”ဟု ဆိုသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီတပ်သားတစ်ဦးကို ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

လမ်းဘေးအနီးတွင်ရောင်းချနေသည့် စျေးသည်များ၊ ထမင်းဆိုင်များ နှင့် ကားဝပ်ရှော့ဆိုင်များမှာလည်း ရောင်းအားကျဆင်းလျက်ရှိနေသည့်အတွက် ဆက်လက်လည်ပတ်နိုင်ဖို့ အခက်အခဲတွေ့နေရသည်ဟု တွေ့ရသည်။

ပုဏ္ဏားကျွန်း ရသေ့တောင် ကုန်သွယ်ရေးလုပ်နေသူများမှာလည်း ကုန်းလမ်းမှ ကားဖြင့် သွားလာခွင့် ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်း၊ ငွေပိုသုံးရခြင်းများနဲ့ အခက်အခဲ ကြုံနေကြောင်း အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမှ ကုန်သည်တစ်ဦးကပြောသည်။

ရခိုင်ပြည်ရှိ ကုန်းလမ်းရေလမ်းများအားလုံးကို အတားအဆီးမရှိ ဖွင့်ပေးရမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေးတွင် ကတိကဝတ်ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရက္ခိုင့်တပ်တော်က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ