ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးရွာမှ ကျောင်းထိုင်ဆရာတော်၏ လက်ကိုင်ဖုန်းနဲ့ ရွာမှ အများပြည်သူပိုင် ပစ္စည်းများကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက် နေ့ခင်းအချိန်က စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် မွှေနှောက်ကာ အဓမ္မယူသွားကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်သည် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ ကျော်ဇံ၊ တန်ခိုးရွာများသို့ ကြည်း ရေ လေ ထိုးစစ်ဆင် ဝင်ရောက်ခဲ့သောကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြစဥ် ရွာတွင် ကျန်နေခဲ့သည့် ကျွဲထိုးကျောင်းထိုင်ဆရာတော်၏ လက်ကိုင်ဖုန်းကို စစ်ကောင်စီအဖွဲ့က အဓမ္မယူသွားခဲ့ပြီး ရွာထဲမှ ပြည်သူများ၏ ကြက်နှင့် ဆိုင်ထဲမှ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို ယူသွားကြောင်း ရွာသားများ ပြောပြချက်အရသိရသည်။
“ဆရာတော်ဖုန်းကိုလည်း အဓမ္မယူသွားတယ်၊ ရွာထဲက ကြက်ခြံက ကြက်တွေနဲ့ ဆိုင်က အရက်တွေ ဘီယာတွေကိုပါ ယူသွားကြတယ်။ ဆိုင်ကိုလည်း ဖျက်ဆီးထားခဲ့တယ်။ ဗမာစစ်တပ်က လုပ်သွားတာပါ” ဟု ပြောသည်။
ယမန်နေ့က တန်းခိုးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၅ ဦးအား ရွာစာသင်ကျောင်းတွင် စစ်ကောင်စီအဖွဲ့မှ ချုပ်နှောင်ထားခဲ့ကြောင်း နောက်ဆုံးသတင်းရရှိခဲ့သည်။ နောက်ဆက်တွဲ အခြေအနေများကိုမူ ABN မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။





