Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် တောင်ကုတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ညည့်အချိန်စစ်ရေးလှုပ်ရှားမှုများရှိလာနေ

ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် တောင်ကုတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ညည့်အချိန်စစ်ရေးလှုပ်ရှားမှုများရှိလာနေ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၀ရက်

ယခုလအတွင်း စစ်ကောင်စီတပ်သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် တောင်ကုတ်မြို့ပေါ်တို့တွင် ညည့်အချိန်စစ်ရေးလှုပ်ရှားမှုပြုလုပ်မှုများရှိလာနေသည်ကိုတွေ့ရသည်။

စက်တင်ဘာလ ၁၉ရက်နေ့ ည ၉နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကား ၂စီးဖြင့်မြို့ထဲ နေရာအနှံ့ပတ်သွားခဲ့သည်ဟုသိရသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ ၅၅၀ တပ်မှ ခရီးသွားပြည်သူများကိုမကြာခဏ စစ်ဆေးမှုများပြုလုပ်လျက်ရှိနေသည်ကိုတွေ့ရသည်။

ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်နှင့် အထုတ်အပိုးများကို အဓိက စစ်ဆေးသည်ကို တွေ့ရသည်။

ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများသည် လူစုခွဲပြီး မြို့ထဲ၌ နေရာအနှံပတ်သွားကာ ကင်းပုန်းဝပ်သည့်နေများလည်းရှိသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

“ဘာလုပ်တာလဲမသိဘူး၊ မြို့ထဲမှာလည်းကင်းပုန်ဝပ်ကြတယ်၊ တခါတလေ ဧည့်စာရင်း ဝင်စစ်တာရှိတယ်” ဟုဆိုသည်။

အခုလို ညည့်အချိန်စစ်အင်အားဖြင့်ဝင်ရောက်နေခြင်းသည် ပြည်သူများကို ကြောက်လန့်မှုဖြစ်စေသည်ဟု ပုဏ္ဏားကျွန်းမြို့ပေါ်မှဒေသခံတစ်ဦးကပြောသည်။

“နေ့ဘက်ဆိုရင်မြင်ရတယ်၊ သူတို့ဘာလုပ်လဲ ဘာမလုပ်ဆိုတာအကုန်သိတယ်၊ ညဘက်ကျတော့ မမြင်ရဘူး၊ သူတို့နောက်ကလည်း လိုက်ကြည့်လို့ရတာမျိုးမဟုတ်ဘူး၊ တစ်နေရာရာမှာ တစ်ခုခုမြှုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ကျွန်မကတော့ တကယ်ပြောတာ ကြောက်တယ်” ဟုဆိုသည်။

အလားတူ တောင်ကုတ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများသည် ညဥ့်အချိန်လူနေအိမ်များကို ဝင်ပြီး ဧည့်စာရင်းများမကြာခဏစစ်လေ့ရှိသည်ဟုသိရသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်သားသည် နေရာအနှံ့ အင်အား အနည်းစုဖြင့်တပ်စွဲနေထိုင်သည်ဟုသိရသည်။

သြဂုတ်လအတွင်းပိုင်းက တောင်ကုတ်တွင် AAနဲ့ဆပ်စပ်သူများကို စစ်ကောင်စီတပ်ကလိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား အလွတ်သဘော အပသ်အခတ်ရပ်စဲထားကြသော်လည်း စစ်ကောင်စီတပ်သည် မိုခါမုန်တိုင်း တိုက်ပြီးနောက်ပိုင်း စစ်ရေး ပြင်ဆင်မှုများနှင့် လှုပ်ရှားတပ်များရှိလာနေသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် Telegram နှင့် Facebook စာမျက်နှာများတွင် ရခိုင်ပြည်တွင်း သတင်းအတုများ ဖန်တီးပြီး ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေသည်ကိုတွေ့ရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ် ရွာထဲ ဖြတ်လျှောက်ပြီး ရှေ့တန်းသွားနေစဥ်/ပုံဟောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ