Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းရှိ စမြုံတော်ဓာတ် ဂူ၀ဘုရားပွဲတွင် ဇာတ်ပွဲ မထည့်ရဟု စစ်ကောင်စီတားမြစ်

ABN-မေအိအိအောင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အ၀င်၀တွင် တည်ရှိသည့် ဂူ၀ဘုရားတွင် ဘုရားပွဲတော်ကျင်းပရာ၌ ဇာတ်ပွဲနှင့် ရှိုးပွဲများ မထည့်ရဟု စစ်ကောင်စီက တားမြစ်ထားကြောင်း ဂေါပကအဖွဲ့များ ပြောကြားချက်အရသိရသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စမြုံတော်ဓာတ် ဂူ၀ဘုရားပွဲ‌တော်ကို ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီ ၄ ရက်နှင့် ၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သို့သော် ဘုရားပွဲကိုမူ ယခင်နှစ်များကဲ့သို့ ဇာတ်ပွဲ နှင့် ရှိုးပွဲများ ထည့်သွင်းကျင်းပရန် ခွင့်မပြုကြောင်း ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးမှ ဖုန်းဆက်ပြီးတားမြစ်ထားကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဌက ABN ကိုပြောသည်။

“ဂူ၀ ဘုရားပွဲကိုတော့ နှစ်စဥ်ကျင်းပပါတယ်။ တိုက်ပွဲအခြေနေတွေကြောင့် ညပွဲတွေတော့ မပါပါဘူး။ ဒီနှစ်မှာတော့ လူငယ်တွေက ရှိုးပွဲ၊ ဇာတ်ပွဲထည့်ရင် ကောင်းမယ်လို့ပြောပါတယ်။ ဒါကြောင့် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ ကိုသွားပြီး ဇာတ်ပွဲ ကျင်းပချင်တယ်လို့ တင်ပြခဲ့ပါတယ်။ ဇန်န၀ါရီ အစောပိုင်း လောက်မှာ တပ်ရင်းမှူးက ဖုန်းခေါ်ပြီး ဇာတ်ပွဲ ၊ ရှိုးပွဲတွေ ထည့်ဖို့ ခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

ဘုရားပွဲကို ဇာတ်ပွဲ၊ ရှိုးပွဲတို့ဖြင့် စည်စည်ကားကားလုပ်စေလိုကြောင်း၊ ယခုအချိန်မှာ တိုင်းပြည်အေးချမ်းနေသည့်အတွက်လည်း စစ်ကောင်စီအနေဖြင့် ခွင့်ပြုစေလိုကြောင်း ပုဏ္ဏားကျွန်းမြို့မိ မြို့ဘတစ်ဦးက ပြောသည်။

“ဘုရားပွဲကိုတော့ ဇာတ်ပွဲတွေ၊ ရှိုးပွဲတွေနဲ့ စည်စည်ကားကား လုပ်စေချင်ပါတယ်၊ အခုအချိန်က တိုက်ပွဲကာလလည်း မဟုတ်ဘူးလေ၊ အဲတော့ အေးချမ်းနေတဲ့အချိန်မှာ ဒီဟာလေးတော့ ခွင့်ပြုစေချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဘုရားပွဲတွင် ညပွဲဖြစ်သည့် ဇာတ်ပွဲပိတ်ခံထားရသောကြောင့် ရွှေထီးတော်တင်ပွဲ၊ အနေကဇာတင်ပွဲ၊ ဆွမ်းတော်ကြီးလောင်းပွဲ၊ ဘောလုံးပြိုင်ပွဲ ၊ချောတိုင်တက်ပွဲနှင့် လွန်ဆွဲပွဲ စသည့် နေ့ခင်းပွဲများကိုသာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဖေဖော်၀ါရီ ၄ ရက် နေ့တွင် ရွှေထီးတော်တင်ပွဲ၊ အနေကဇာတင်ပွဲ နှင့် ဆွမ်းတော်ကြီး( ဆွမ်းဆန်စိမ်း) လောင်းပွဲများကိုကျင်းပမည်ဖြစ်ကြောင်းနှင့် ဖေဖော်၀ါရီ ၅ ရက်နေ့တွင် ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ နှင့် လွန်ဆွဲပွဲ( ကြိုးဆွဲပွဲ) များကိုကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းရှိ စမြုံတော်ဓာတ် ဂူ၀ဘုရားပွဲတွင် ဇာတ်ပွဲ မထည့်ရဟု စစ်ကောင်စီတားမြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ