Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာတွင် မုန်တိုင်းကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီးသွားသဖြင့် ကျောင်းအပ်လက်ခံနိုင်ခြင်း မရှိသေး

ABN-မေ ၂၈ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာတွင် မုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားသည့်အပြင် စာသင်ကျောင်းများပါ ပြိုကျပျက်စီးသွားသည့်အတွက် ကျောင်းအပ်ချိန်ဖြစ်သော်လည်း ကျောင်းအပ် လက်ခံရန် မဖြစ်နိုင်သေးကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

ကုလားချောင်းရွာတွင် စာသင်ကျောင်းဆောင်များနှင့် အိမ်ခြေ ၄၀၀ နီးပါး လုံးဝပျက်စီးသွားပြီး လက်ရှိတွင် ကယ်ဆယ်ရေးအကူအညီများလည်း လုံလောက်စွာ မရရှိကြသေးကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။

“ကျနော်တို့ရွာမှာ စာသင်ကျောင်းဆောင် ၄ ဆောင်ရှိတာမှာ တစ်ဆောင်က လုံးဝပြိုလဲသွားပါတယ်။ နောက် ၃ ဆောင်က အခေါင်မိုးတွေ ပျက်စီးသွားပါတယ်။ ကျောင်းအပ်လည်း လက်ခံလို့မရသေးပါဘူး။ အိမ် ၄၁၆ ဆောင်ရှိတာမှာ ၂၆ ပဲကျန်တယ် နောက်ဟာတွေက ပြိုတဲ့ဟာပြို လဲတဲ့ဟာလဲနဲ့ အကုန်ပျက်စီးသွားပါတယ်” ဟုပြောသည်။

စစ်ကောင်စီက ရွာအတွက် ဆန် ၂၁ အိတ်ပေးသော်လည်း တရွာလုံး ဝေစုခွဲရာတွင် တစ်မိသားစုလျှင် ဆန် ၁ ဗူးခွဲ ရရှိပြီး စားသောက်ရေးအတွက်လည်း အခက်အခဲ အကြပ်အတည်းဖြင့် ကြုံနေရကြောင်း ပြောသည်။

“မြို့နယ် ထွေအုပ်က ဆန် ၂၁ အိတ်ပေးတာရှိပါတယ်။ တစ်ရွာလုံး ဝေစုခွဲလိုက်တော့ တစ်မိသားစုကို ၁ ဗူးခွဲပဲ ရပါတယ်။ ဒီလောက်နဲ့ ဘယ်လိုမှ မလောက်ပါဘူး။ စားသောက်ရေး အကြပ်အတည်း ကြုံနေရပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ဆားငံရေးဝင်သွားသည့် ရေကန်များကိုမူ စာရေးဆရာ ပရဟိတသမား ဦးဝေဟင်အောင်က ရေစုပ်စက်များဖြင့် စုပ်ထုတ်ပေးထားပြီး ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် မုန်တိုင်းကြောင့် ကုလားချောင်းရွာမှ ကျွဲ၊ နွားအကောင်ရေ ၆၀ ခန့်မျှ သေသွားခဲ့ကြောင်း သိရသည်။

ရခိုင်တွင် မုန်တိုင်းတိုက်ပြီး ၂ ပတ်ခန့်ကြာလာသည့်တိုင် အရေးပေါ် ကယ်ဆယ်ရေးဖြစ်သည့် ဆန်၊ ရေနှင့် တာပေါ်လင် များအတွက်သာ အဓိက ထောက်ပံ့ပေးမေကြသည်ကိုတွေ့ရပြီး ပြန်လည်ထူထောင်ရေးများအတွက် လိုအပ်သည့် အကူအညီများ မရရှိကြသေးသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ