ABN- ရှိုင်းမိုး
MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်း ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို မုန်တိုင်းဒဏ်ရှောင်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AAက ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း ဂဏန်းတောင် စစ်ဘေးရှောင်ခန်းတွင် အိမ်ထောင်စု ၁၇၈စုနှင့် လူဦးရေ ၇၇၈ ဦးရှိသည်ဟုသိရသည်။ ထိုအထဲမှ တချို့စစ်ဘေးရှောင်များကို ယိုးတရုတ်ဘူတာစခန်းမှ အောင်ဆုပန်သိမ်၊ ဂဏန်းတောင်ဘုရားကြီး၊ ဝါးတောင်ဘုန်ကြီးကျောင်း၊ ပန်းဖဲချောင်းဘုန်ကြီးကျောင်းစသည့်နေရာများသို့ပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။
“ ဒီနေ့ပြောင်းကြတာပါ၊ အကုန်လုံးတော့ မဟုတ်ပါဘူး၊ သက်ကြီးပိုင်တွေကို ပြောင်းထားပါတယ်၊ ကလေးတွေလည်းပါတယ်၊ အမျိုးသမီးတွေလည်းပါတယ်၊ မုန်တိုင်းက အားပြင်းမှာသေချာတယ်၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာပါ” ဟုစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်ပြည် ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ စစ်တွေနှင့် ပေါက်တော၊ တောင်ကုတ်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြေနိမ့်သောနေရာများမှ ဒေသခံများကို ကုန်မြင့်ပိုင်းသို့ ပြောင်းရွှေ့နေကြသည်။
ထိုဒေသခံများပြောင်းရွှေ့နေမှုကို ULA/AA မှကူညီဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။