Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မီးဖွားစဥ် မိခင်ရော့ ကလေးပါ သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မီးဖွားစဥ် မိခင်ရော့ ကလေးပါ သေဆုံး

AB-News-ဒီဇင်ဘာ ၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသည် မီးဖွားစဥ် ကလေးမမွေးနိုင်ဘဲ မိခင်ရော့ ကလေးပါသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းရွာတွင် ကလေးမီးဖွားစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ရသေ့တောင်မြို့နယ် င/တောက်တူချေရွာမှ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်မဌေးဝင်း ဖြစ်ပြီး ၎င်းမှာ ရက္ခိုင်တွင် တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က အသက်လု ထွက်ပြေးလာသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသည့်အတွက် ကလေးမီးဖွားရန် ဆေးရုံသို့ သွားရောက်ခွင့်မရဘဲ ရွာတွင် မွေးဖွားလိုက်ရ၍ သွေးဆိပ်တက် သေဆုံးသွားကြောင်း ဒေသခံရွာသားများ ပြောပြချက်အရ သိရသည်။

“ကလေးရော့ အမေပါသေသွားပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဆေးရုံတင်မွေးဖို့ကလည်း ကုန်းလမ်းရော့ ရေလမ်းပါအကုန်ပိတ်ထားတော့ ရွာမှာ မွေးလိုက်ရတာ။ ကလေးမမွေးနိုင်ဘဲ သွေးဆိပ်တက် သေဆုံးသွားတာပါ” ဟု ပြောသည်။

စစ်ကောင်စီက ရက္ခိုင်မှာ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားခဲ့သောကြောင့် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်ကာ ဒေသခံများမှာ အခက်တွေ့နေကြရသည်။

ထို့အပြင် စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာတွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။

စစ်ဘေးရှောင်ရာတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အထူး အတိဒုက္ခရောက်ကြရသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ