Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် အမည်မသိဝက်ရောဂါဖြစ်ပွားမှုကြောင့် ဝက်သေဆုံးများလာ

ပုဏ္ဏားကျွန်းမြို့နယ်တွင် အမည်မသိဝက်ရောဂါဖြစ်ပွားမှုကြောင့် ဝက်သေဆုံးများလာ

ABN-ရှိုင်းမိုး

သြဂုတ် ၂၂ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအများစုတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဝက်များရောဂါဖြစ်၍ သေဆုံးမှုများလာသည်ဟုသိရသည်။

ဝက်ရောဂါဖြစ်မှုအများဆုံးကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးထားရွာ၊ ရဲရိုးပြင်ရွာ၊ ဆားတောင်ပုတ်၊ အောင်စေယျ၊ သံချောင်းနှင့် အောင်မြေကုန်းကျေးရွာတို့ဖြစ်သည်။

အဆိုပါဝက်ရောဂါသည် မိုခါလွန်ပြီး ၁ လကျော်အကြာတွင် စ၍ဖြစ်ပွားပြီး ရောဂါလဏ္ခာမှာ မသိရကြောင်း စပါးထားရွာမှ ဦးမောင်စောရွှေကပြောသည်။

ဝက်များဖြစ်သည်ရောဂါမှာ အစာမစားခြင်းကနေစဖြစ်ပြီး၊ အစာမစားဘဲ တစ်ရက်နေလျှင် နောက်နေတွင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောသည်။

“ဘာရောဂါလဲမသိပါဘူး၊ မိုခါအလွန်ကစဖြစ်တာပါ၊ ရက်တာရှည်တာလဲမဟုတ်ဘူး၊ တစ်ရက်ထမင်းမစားဘဲနေတယ်၊ နောက်တစ်နေ့ဆိုရင်သေတယ်၊ သေသွားရင်လည်း ပုံမှန်ဝက်တွေလိုမျိုးပဲ၊ ဘာမှ ပြောင်းလဲတာမရှိဘူး” ဟုဦးမောင်စောရွှေကဆိုသည်။

အဆိုပါကျေးရွာများမှာ ဝက်များသေဆုံးမှုများပြားသောကြောင့် လူနေအိမ်များတွင် ဝက်များမရှိသလောက်ဖြစ်သွားသည်ဟုသိရသည်။

ဝက်ရောဂါဖြစ်ပြီးသေသွားသောဝက်များကို ရောင်းချခဲ့သော်လည်း ထူးခြားမှုတစုံတရာ မတွေ့ရှိကြောင်း ရဲရိုးပြင်ရွာမှ ကိုလှဆွေကပြောသည်။

” ပထမတော့ ရောင်းပါတယ်၊ ဒါပေမယ့် ဘာမှဖြစ်တာတော့ပြောသံမကြားပါဘူး၊ ပြီးတော့ ပထမသေတဲ့အချိန်ကဆိုရင် ရိုးရိုးထင်ခဲ့တယ်၊ ဒါပေမယ့် နေ့တိုင်းနီးပါးသေနေတာတွေ့တယ်၊ ​နောက်ပြီး ပုံစံကလည်းတူတယ်၊ ဒါကြောင့်မရောင်းရဘူးဆိုပြီးတားမြစ်ထားပါတယ်” ဟုဆိုသည်။

ဝက်များဖြစ်သည့်ရောဂါကို တိရစ္ဆာန်ဆရာဝန်များကို ပြချင်ခဲ့သော်လည်း၊ ကျေးရွာထဲတွင် တိရစ္ဆာန် ဆရာဝန်မရှိခဲ့သောကြောင့် ရောဂါပုံစံကိုပြောပြမယ့်သူမရှိဟုသိရသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် အမည်မသိရောဂါဖြစ်ပွားမှုကြောင့် ဝက်များသေဆုံးမှု အကောင်ရေ ၁၀၀ ကျော်ထိရှိကြောင်းသိရသည်။

ဓာတ်ပုံ-APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ