ABN-ရှိုင်းမိုး
ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်စစ်ဘေးရှောင် ကျောက်ဆိပ်ရွာသားများ နေစရာမရှိဖြစ်နေသည်ဟုသိရသည်။
မတ်လ ၃ရက်နေ့က ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို တစ်အိမ်ထောင်ကို ငွေ ၆သိန်းပေးကာ အတင်းအဓမ္မနေရပ်ပြန်ခိုင်းခဲ့သည်။
ထိုစစ်ဘေးရှောင်များနေရပ်ပြန်ခဲ့ကြသော်လည်း ရွာတွင် ရှိနေခဲ့သည့် နေအိမ်များမှာ ပြိုပျက်နေပြီဖြစ်သဖြင့် နေစရာအိမ်မရှိဖြစ်နေကြပြီး အချို့နေအိမ်များမှာ လက်နက်ကြီးကျ၍ ပျက်စီးသွားသည့် နေအိမ်များဖြစ်ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာတွင် လူနေအိမ် ၄၀၀ကျော်ရှိပြီး၊ စစ်ဘေးရှောင် အိမ်ထောင်စု စုစုပေါင်း ၄၇စုရှိပြီး၊ လက်ရှိနေစရာအိမ်မရှိသော အိမ်ထောင်စုမှာ ၂၄စုရှိနေသည်။
“စားဝတ်နေရေးကတော့ နည်းနည်းအဆင်ပြေကြတယ်၊ ဒါပေမယ့် နေစရာအိမ်မရှိကြတဲ့သူတွေ အများကြီးရှိနေတယ်၊ သူတို့စစ်ဘေးရှောင်စခန်းကိုထွက်ပြေးသွားတဲ့အချိန်မှာ ကျန်ရှိလိုက်တဲ့ နေအိမ်တွေက လက်နက်ကြီးတွေကျတယ်၊ နောက်ပြီးတော့ လူမနေတာကြာတော့ ပြိုကျသွားတဲ့အိမ်တွေလည်းရှိပါတယ်” ဟု ကျောက်ဆိပ်ရွာသား ဦးနိုင်နိုင်ချေက ABN ကိုပြောသည်။
လက်ရှိတွင် နေစရမရှိကြသဖြင့် ဆွေမျိုးများအိမ်တွင်ကပ်နေကြပြီး အချို့မိသားစုများမှာ တဲဆောက်၍ နေကြသည်ဟု ကျောက်ဆိပ်ရွာမှ ဒေါ်မသိန်းချေကပြောသည်။
“နေစရာမရှိပါဘူး၊ ကျမ ညီမအိမ်မှာ ကပ်နေပါတယ်၊ သူတို့ ပေးလိုက်တဲ့ ငွေနှင့် အိမ်ဆောင်လိုက်ရင် စားစရာမရှိတော့ဘူး၊ ငွေ ၆သိန်းနှင့်လည်း အိမ်ဆောက်လို့မရပါဘူး၊ ဒါပေမယ့် ကျမမြေးတွေက သူများဆီမှာ ရေ အငှားခတ်ကြပါတယ်၊ ကျောက်ထမ်းအငှားလိုက်ကြပါတယ်” ဟု ဒေါ် မသိန်းချေကပြောသည်။
ရပ်ရွာတွင် နေစရာမရှိသော်လည်း စစ်ဘေးရှောင်စခန်းမှာ မနေချင်တော့ကြောင်း နောက်ထပ် အသက် ၆၀ အရွယ် ကျော်ဒေါ်သိန်းမေကပြောသည်။
“ ကျွန်မအသက်လည်းကြီးပါပြီ၊ ကိုယ်ရပ်ရွာမှာပဲ နေချင်ပါတယ်၊ စစ်ဘေးရှောင်စခန်းမှာနေခဲ့တာလည်း ၂နှစ်နီးပါးရှိခဲ့ပါပြီ၊ နောက်ထပ်စစ်ဖြစ်လာရင်လည်း ကျွန်မ မပြေးချင်တော့ဘူး” ဟု စစ်ဘေးရှောင်ခဲ့ရသည့်အဘွားအို ဒေါ်မသိန်းမေက ပြောသည်။
မတ်လ ၈ရက်နေ့ နေလည် ၁နာရီ ၃၀မိနစ်အချိန်က ပုဏ္ဏားကျွန်းမြိုနယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းကို ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဌာန၊ EPC ရုံးဌာနနှင့် ရဲတပ်ဖွဲ့တိုပူးပေါင်းကာ ထိုစစ်ဘေးရှောင်စခန်းကို ဖြိုဖျက်ခဲ့ကြသည်။
ဓာတ်ပုံ-ABN (ရွာသားများပေးပို့)













