Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြင့် ရင်ဆိုင်နေရ

ABN-ရာဟု

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် သောက်သုံရေးပြတ်လပ်ကာ အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ကို ABN သတင်းထောက်များ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သွားရောက်သတင်းယူစဥ် တွေ့မြင်ခဲ့ရသည်။

ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၁၇၈ စု လူဦးရေ စုစုပေါင်း ၇၇၈ ဦးနေထိုင်နေသည့် စခန်းတစ်ခုဖြစ်ကာ လက်ရှိအချိန်တွင် စခန်းတွင် သောက်သုံးရေများပြတ်လပ်နေသဖြင့် စခန်းနေ စစ်ဘေးရှောင်ပြည်သူများမှာ အနီးအနားရှိရွာများသို့ ခြေကျင်သွားကာ ခပ်ယူသုံးစွဲနေရကြောင်းစစ်ဘေးရှောင်များက ပြောသည်။

စခန်းထဲရှိရေကန်များတွင် ရေခမ်းလုနီးပါးဖြစ်နေပြီဖြစ်သောကြောင့် ရေမှာနောက်နေသဖြင့် သောက်ရေအဖြစ် သုံးရန် မသင့်တော့သည့်အတွက် ထိုရေကန်ကို သုံးရေအဖြစ်အသုံးပြု၍ ချက်ပြုတ်စားသောက်နေကြကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

“ရေက အရမ်း ခမ်းပြီးနောက်ကျိနေတာ၊ သောက်မရလို့ သုံးရေအဖြစ်ပဲအသုံးနေတာ ဒီလကုန်ရင် စခန်းမှာ ရေပြတ်တော့မယ်” ဟု စခန်းတာဝန်ခံဦးကျော်လှက ABN ကို ပြောဆိုသည်။

လက်ရှိတွင် သောက်ရေရရှိရန်အတွက် ယခင်က ရေအနည်းငယ်ထွက်သည့်နေရာကို ဘတ်ဟိုးကားငှားကာ တူးဖော်ခဲ့သော်လည်း ထွက်ရေ မရရှိကြောင်း ဆက်ပြောသည်။

“အယင်က ရေနည်းနည်းထွက်တဲ့ကန်ကို ရေအများထပ်ထွက်အောင်ဆိုပြီး စက်တွေငှားတူးလိုက်တာ ရေကလုံးဝ မထွက်တော့ဘူး ငွေတွေကုန်သွားတာပဲ အဖတ်တင်တယ်” ဟု စခန်းတာဝန်ခံက ပြောဆိုသည်။

စစ်ဘေးရှောင်စခန်းတွင်ရှိသည့် ရေကန်တွင် ရေခမ်းခြောက်နေပြီဖြစ်သည့်အတွက် စခန်းအနီးရှိ ဂဏန်းတောင်နှင့် ဗန်းဗွီးကျေးရွာများသို မိနစ်၃၀ခန့် ခြေကျင်သွားရောက်ကာ ရေခပ်ယူသုံးစွဲခဲ့သော်လည်း လက်ရှိတွင် ရွာသားများကတား မြစ်မှုကြောင့် ရွာသားများ မသိအောင် ခပ်ယူသုံးနေရကြောင်း စစ်ဘေးရှောင် ဒေါ်သန်းနုက ABN ကိုပြောသည်။

“ရွာထဲကို ရေတစ်ခါသွားခပ်ရင် မိနစ်၃၀ခန့် ကြာတယ် ခုကသူတို့လည်း ရေခမ်းမှာကြောက်ပြီး ဒီကလူတွေ (စစ်ဘေးရှောင်ဒုက္ခသည်) ရေခပ်တာတွေကို တားနေပြီ၊ သူတို့မသိအောင် ခိုးပြီးခပ်နေရတာ ရေက အရမ်းအခက်အခဲဖြစ်နေပါပြီ” ဟု‌ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များမှာ သောက်သုံးရေးအတွက် အခက်အခဲများရှိနေသဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းမှ အလှူရှင်များ လာရောက် လှူဒါန်းစေလိုကြောင်း စခန်းတာဝန်ခံဦးကျော်လှက တောင်းဆိုထားသည်။

“ဒီကလူတွေက နေ့တိုင်း ခြေကျင်သွားပြီး ရေခပ်တာတွေများလာတော့ ရွာကလူတွေက တားနေကြပြီး စခန်းထဲမှာကရေမရှိတော့ဘူး ဒီလကုန်ရင် သုံးရေလည်းကုန်ပြီ။ ဒီလကုန်ရင် စခန်းမှာ‌ရေပြတ်ပြီး နိုင်ငံတကာနှင့် ပြည်တွင်က အလှူရှင်တွေ လာရောက်လှူဒါန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု စခန်းတာဝန်ခံက ပြောဆိုသည်။

ရခိုင်ရှိ ရေကန်များမှာ မိုးတွင်းကာလ မိုးရေကို လှောင်သည့် ကန်များဖြစ်ကြပြီး ပြီးခဲ့သည့် မိုးရာသီက မိုးရွာသွန်းမှု နည်းပါးခဲ့သောကြောင့် ရပ်ရွာများနှင့် စစ်ဘေးရှောင်စခန်း အများစုတွင် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ရင်ဆိုင်လာနေရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ