
AB News – သြဂုတ် ၂၄၊ ၂၀၂၅
ဒေဝီ
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုမှ စုစုပေါင်း အိမ်ထောင်စု ၇၁၅ စုအတွက် ငွေကျပ် ၃၅၇ သိန်းကျော် နှင့် အဆောင်ပြုပြင်စရိတ်အတွက် ငွေကျပ် ၁၅ သိန်းကို ဝေဟင်အောင် ပရဟိတအဖွဲ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပထမစခန်းတွင် အိမ်ထောင်စု ၁၅၈ စု၊ ဒုတိယစခန်းတွင် ၁၅၉ စုနှင့် တတိယစခန်းတွင် ၃၉၈ စုတို့ ပါဝင်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေထဲတွင် ပြားကျိန်ရွာ လူငယ်အသင်း၊ ကျောက်ဖြူမြို့နယ် (မလေးရှား) ငွေကျပ် ၁၀၃သိန်း ၂ သောင်းကျပ် နှင့် ရက္ခိတပန်းစုံ ပရဟိတအသင်း ( မလေးရှား) ငွေကျပ်သိန်း ၁၀၀ တို့ ပါဝင်ကြောင်း သိရသည်။
ကျန်ငွေများကို ပြည်တွင်းပြည်ပရှိ အလှူရှင်များနှင့် ဝေဟင်အောင် ပရဟိတအဖွဲ့တို့၏ ရန်ပုံငွေများမှ ထုတ်ယူလှူဒါန်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဝေဟင်အောင် ပရဟိတအဖွဲ့သည် ယခုလအတွင်း အခြားစစ်ရှောင်များကိုလည်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
သြဂုတ်လ ၆ ရက်နေ့တွင် အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၂၆၆ စုအား တစ်စုလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့ပြီး၊ သြဂုတ်လ ၂ ရက်နေ့တွင်လည်း စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ရောက်ရှိလာသည့် စစ်ရှောင်မိသားစု ၁၅၀ အား တစ်စုလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်းဖြင့် ငွေကျပ် ၇၅ သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။