Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတစ်ချို့သို့ ​စက်တင်ဘာ ၂၄ ရက်နေ့တွင် လျှပ်စစ်မီးပြန်လည် စတင်ဖြန့်ဖြူးပေးမည်ဟု လျှပ်စစ်ဝန်ကြီးဌာနတာဝန်ရှိ​သူပြော

AB News- ဟိန်းထွန်း

စက်တင်ဘာ ၂၁ ရက်

မိုခါမုန်တိုင်းတိုက်ပြီးကတည်းက ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မီးမရရှိသေးသည့်ကျေးရွာတစ်ချို့ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် စတင်မီးပေးသွားမည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ယနေ့တွင်ပြောဆိုလိုက်သည်။

မိုခါမုန်တိုင်းအလွန် မြို့ပေါ်ရပ်ကွပ်အများအပြားကို ဇွန်လ ၇ ရက်နေ့က လျှပ်စစ်မီးစတင်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း မိုးဒီပြင်၊ အမဲခင်၊ ကျွဲချ၊ သာယာကုန်း၊ မန်းကျည်ချောင်း၊ အလယ်ချောင်း၊ သင်ပုန်းတန်းစသည့် ကျေးရွာများတွင် မီးမရဘဲ ရှိနေသည်မှာ ၄ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။

မီးလျှင်မြန်စွာရ​ရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများသည် ကုမ္ပဏီ ၅ ခုဖြင့် လုပ်ဆောင်နေချိန်တွင် မြစ်ချောင်းများ၊ လယ်ကွင်းများကို ဖြတ်ကျော်၍ မီးလိုင်းများတပ်ဆင်ရာတွင် အချိန်ကြန့်ကြာမှုရှိခြင်း၊ တစ်ချို့မီးမရသည့်ရွာတစ်ချို့ကိုလည်း လမကုန်ခင်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာမှ တာဝန်ခံ ဦးမိုးကျော်သူ က ABN သို့ပြောသည်။

“ကုမ္ပဏီ ၅ ခုနဲ့လုပ်နေပါတယ်၊ ယိုးတရုတ်ဖက်က ၁၅ ရွာက ပြီးသွားပါပြီ၊ ချောင်းကူး​ မြစ်ကူးဖြစ်တဲ့အခါ မီးကြိုးတွေတပ်ဆင်ရတာ ကြန့်ကြာပါတယ်၊ မိုးရာသီဖြစ်တဲ့အတွက် မီးတိုင်တွေသယ်ယူပြီးလယ်ကွင်းတွေမှာ တပ်ဆင်ရတာလည်း ခက်ခဲမှုတွေရှိပါတယ်၊ အလယ်ချောင်းဖက်တွေကို နောက်သုံးရက်လောက်ဆိုရင် မီးပေးဖို့ လုပ်နေပါတယ် “ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွာပေါင်း ၅၃ ရွာတွင် မီးရရှိထားသည့် ရွာပေါင်း ၂၅ ရွာရှိပြီး ကျန်ရွာများသို့ စက်တင်ဘာလအကုန်တွင် စတင်ပြီးဖြန့်ဖြူးသွာမည်ဖြစ်ကြောင်းသိရသည်။

တစ်ချို့ရွာများသည် မြစ်များကိုဖြတ်၍ သွယ်တန်းနေရသည့်အတွက် အချိန်ကြာန့်ကြာမှုရှိခြင်း၊ တပ်ဆင်မှု ၉၈ ရာခိုင်နှုန်းခန့် ပြီးစီး၍ အောက်တိုဘာလအစောပိုင်းတွင် ကျေးရွာအားလုံးမီးရရှိသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်၍ ပြောသည်။

“မီးတပ်ဆင်တာက ၉၈ ရာခိုင်နူန်းပြီးစီးသွားပါပြီ၊ စက်တင်ဘာလအကုန်မှာ မီးလိုင်းတွေအားလုံးပြီးစီးအောင်လုပ်နေပါတယ်၊ ရှေ့လဆိုရင် အကုန်လုံးရမယ် “ဟု ဆိုသည်။

သင်ပုန်းတန်းကျွန်းရှိကျေးရွာ ၁၀ ရွာသို့ စက်တင်ဘာ ၂၄ ရက်နေ့တွင် မီးပေးသွားမည်​ဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာတို့တွင်လည်း ရှေ့လအစောပိုင်းတွင် ဆက်တိုက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးရာသီအတွင်းတွင် ဖြစ်နေသည့်အတွက်ကြောင့် ကားလမ်းများမကောင်းခြင်း၊ မီးတိုင်များသယ်ယူရန်မလွယ်ကူခြင်းတို့ကြောင့် အချိန်ကြာန့်ကြာနေမှုများရှိနေကြောင်း တာဝန်ခံထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ