Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်မှ အုပ်ချုပ်‌ရေးမှူးများ အားလုံးနီးပါး လုံခြုံရေးကြောင့် နှုတ်ထွက်စာတင်ရကြောင်းဆို

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအပါအဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံးနီးပါး လုံခြုံ‌ရေးကြောင့် နှုတ်ထွက်စာတင်လိုက်ကြပြီဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအပါအဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၇၀ ကျာ် ယခုနိုဝင်ဘာလ ရက်ပိုင်းအတွင်း နှုတ်ထွက်စာတင်လိုက်ကြကြောင်း သိရှိရသည်။

လတ်တလောတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေမှုကြားတွင် အုပ်ချုပ်ရေးမှုများမှာ အဖမ်းအဆီးနှင့် အသက်အန္တရာယ်များအတွက်ပါ စိုးရိမ်ကြောင့်ကြ ရသောကြောင့် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးတာဝန်များမှ နှုတ်ထွက်စာတင်ကြရခြင်း ဖြစ်ကြောင်း ABN ကို အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“နှစ်ဖက်စစ်ရေး တင်းမာမှု အခြေအနေတွေက သိတိုင်းအတိုင်းပဲ။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေမှာ ဟိုဖက်က ခေါ်လည်း သွားရ ဒီဖက်ကခေါ်လည်း သွားရ။ စစ်ကောင်စီဖက်ကလည်း ကျနော်တို့ကို ရခိုင်ဖြစ်လို့ မယုံဘူး။ ရက္ခိုင့်တပ်တော်ဖက်ကလည်း ကျနော်တို့ကို စစ်ကောင်စီခန့်ဝန်ထမ်းဆိုပြီမယုံဘူး။ နောက်ပြီး စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ခဏ ခဏဖမ်းတာတွေ့နေရတယ်။ တချို့ဆို လုံးဝကို ပျောက်သွားတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့ နှုတ်ထွက်ပြီး နေတာကမှ အသက်အန္တရာယ် ပိုလုံခြုံမယ်” ဟု အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

အကယ်၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင်လည်း မြို့နယ် ထွေအုပ်အနေဖြင့် မည်သည့် တာဝန်ယူမှု တာဝန်ခံမှုမှ မပေးနိုင်သည့် အခြေအနေကလည်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စေသည့်အကြောင်းတစ်ခုဖြစ်ကြောင်း နောက်ထပ် အုပ်ချုပ်ရေးမှူးတစ်ဦးက ABN ကိုပြောသည်။

“ကျ‌နော်တို့ ကြားညှပ်တဲ့ အန္တရာယ်ကြားမှာ ကျနော်တို့ လုံခြုံတယ်လို့ မခံစားရတဲ့အတွက် နှုတ်ထွက်စာတင်လိုက်တာဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့ကို စစ်တပ်က ဖမ်းသွားရင်လည်း မြို့နယ်ထွေအုပ်က ဘာမှ တာဝန်ယူတာမရှိဘူး။ မိဘက သားသမီးကို ကာကွယ်မှု မပေးသလို ဖြစ်နေတာပါ” ဟု နောက်ထပ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်မှ စေတိယျ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောလှထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယခုနိုဝင်ဘာလ ၃ ရက်နေ့က ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ထွန်းတို့ကို စစ်ကောင်စီတပ် ခမရ ၃၄ တပ်ရင်းမှ ဖမ်းဆီးခဲ့သည်။

ထို့အပြင် ဘူးသီးတောင်၊ ‌မောင်တော၊ ပလက်ဝမြို့နယ်များတွင်လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သည့် ရွာများမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ်မှ ခေါ်ယူ‌မေးမြန်းခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေကျ ဖြစ်သည်ကို တွေ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်စုအုပ်ချုပ်ရေးမှူးစုစုပေါင်း ၉၆ ဦးရှိသည်။

ယခင် ၂၀၁၈ ခုနှစ် ၂၀၂၀ ခုနှစ်များအတွင်း ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ် (စစ်ကောင်စီတပ်) တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့စဥ်ကလည်း မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများမှာ နှုတ်ထွက်ခဲ့ကြကြောင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ