Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆားငံရေ ဝင်ရောက်၍ လယ်ဧက ၂၀ ကျော်ပျက်စီး

ABN-ဟိန်းထွန်း

သြဂုတ် ၃ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်း၊ အလယ်ချောင်းရွာတွင် တာတမံကျိုးပေါက်ပြီး ဆားငံရေ ဝင်ရောက်ခဲ့မှုကြောင့် လယ်ဧက ၂၀ ကျော်ပျက်စီးခဲ့ကြောင်းလယ်သမားများထံမှ သိရသည်။

သြဂုတ်လ ၁ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ် အရှိန်ဖြင့် မြစ်ရေမြင့်တက်လာကာ ချောင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့်အတွက် ဆားငန်ရေများလျှံတက်ပြီး လယ်ဧကများစွာပျက်စီးခဲ့ရကြောင်းပြောသည်။

ဖြစ်ထွန်းစပြုနေသော ပျိုးပင်များမှာ ဆားငံရေ ၅ ပေခန့်ဝင်ရောက်သွားသည့်အတွက် ပျိုးပင်များရှင်သန်နိုင်ခြေ နည်းပါးသွားသည်သာမက မိုးမရွာလျှင် လုံးဝဖြစ်ထွန်းနိုင်ခြင်းမရှိကြောင်း အလယ်ချောင်းရွာက လယ်သမား ဦးမောင်စောခင်က ABN သို့ပြောသည်။

“ပျိုးပင်တွေကဖြစ်ထွန်းစပြုနေပါပြီ၊ ဆားငံရေနည်းနည်းဝင်သွားတာမဟုတ်ဘူး၊ ရေ ၅ ပေလောက်ရှိပါတယ်၊ ပျိုးပင်တွေရှင်သန်လာဖို့နည်းသွားပါပြီ၊ တကယ်လို့မိုးမရွာရင် အကုန်လုံးပျက်စီးတော့မယ် ” ဟု ဆိုသည်။

ထိုရေငံများကို အပြင်သို့ထုတ်ရန်လည်းမဖြစ်နိုင်သည့်အခြေအနေရှိနေသောကြောင့် ဖြစ်ထွန်းနေသည့်ပျိုးပင်များလည်း ပျက်စီးနိုင်ခြေရှိသဖြင့် သက်ဆိုင်ရာက ကူညီပေးစေလိုကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“​ဆားရေတွေကို အပြင်ကိုထုတ်လို့လည်းမရပါဘူး၊ လယ်ကွင်းအောက်က တာတမံရှိပါတယ်၊ ပျိုးပင်တွေလည်းပျက်စီးသွားပါပြီ၊ သက်ဆိုင်တဲ့လူတွေကလာရောက်ပြီး ကူညီစေချင်ပါတယ်” ဟု ဆိုသည်။

ပျက်စီးသွားသည့် လယ်ဧက ၂၀ ကျော်တွင် ပျိုးပင်များ လုံးဝရှင်သန်နိုင်ခြေမရှိတော့သဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် လယ်သမားများလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလာနိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။

လယ်ကွင်းများကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းစွာလုပ်ကိုင်ခဲ့ပြီး ယခုလို ဆားငံရေများပြည့်လျှံသွားသည့်အတွက်ကြောင့် နောက်ထပ်လုပ်ကိုင်မည့် အရာများမရှိဖြစ်နေခြင်း ၊လယ်များကိုသာ မှီခိုအားထားလုပ်ကိုင်နေရသူများဖြစ်၍ ပျက်စီးသွားသော လယ်မြေများကို ကူညီပေးစေချင်ကြောင်း ဒေသခံ ဒေါ်ဦးခင်ယဥ်က ပြောသည်။

“ဒီလယ်မြေတွေကို ပင်ပင်ပန်းပန်းနဲ့လုပ်ကိုင်လာရတာပါ၊ အခုလိုရေတွေပြည့်သွားတော့ နောက်ထပ်လုပ်စရာလည်းမရှိတော့ပါဘူး၊ လယ်မြေတွေသာ အားထားနေရတဲ့အတွက် တတ်နိုင်တဲ့သူတွေက ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်” ဟု ဆိုသည်။

အားကောင်းသောမုန်တိုင်းငယ် တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ရှိ မြို့နယ် တစ်ချို့တွင် ရေများဝင်ရောက်ပြီး နေအိမ်အဆောက်အဦးများစွာလည်းပျက်စီးခဲ့ရသည်ကို တွေ့ရသည်။

ဓာတ်ပုံ- ပုဏ္ဏားကျွန်းနယ်တွင် ဆားငံရေဝင်၍ ပျက်စီးသွားခဲ့သည့် လယ်ကွင်းများ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ