ABN-ဟိန်းထွန်း
ဇူလိုင် ၉ ရက်
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သော ကုလားချောင်းရွာကြီးနှင့် ရွာချေကို အဓိကဆက်သွယ်ထားသည့် ဆည်မြောင်းတာတမံကျိုးပေါက်သွားခဲ့သည့်အတွက် အရေးပေါ်ပြုပြင်လုပ်ဆောင်ရန်လိုအပ်နေလျက်ရှိကြောင်းသိရသည်။
ထိုလမ်းမှာ မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့်ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျိုးပေါက်သွားခဲ့သည်။ ရွာ ၂ ရွာကိုအဓိကဆက်သွယ်ထားပြီး ကျောင်းသား/ ကျောင်းသူများအသုံးပြုသွားလာနေသော ဆည်မြောင်း တာတမံလမ်းတစ်ခုဖြစ်ကြောင်း ကျေးရွာဥက္ကဌ ဦးမောင်ကျော်သန်းက ABN သို့ပြောသည်။
“မိုခါကြောင့်ပျက်စီးသွားတဲ့လမ်းပါ၊ ဒီလမ်းက ရွာ ၂ ရွာကိုအဓိကဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်၊ ကျောင်းသူ/ကျောင်းသားတွေလည်း ကုလားချောင်းရွာကြီးကိုသွားပြီးကျောင်းတက်နေရပါတယ်၊ သူတို့တွေအများကြီးအသုံးပြုနေရတဲ့လမ်းဖြစ်ပါတယ်” ဟုဆိုသည်။
ကုလားချောင်းရွာကြီးတွင် ပုဏ္ဏားကျွန်းမြို့မှခွဲယူသည့် အထက်တန်း ကျောင်းခွဲရှိပြီး ကျောင်းသား/ ကျောင်းသူဦးရေ ၄၀၀ ကျော်ရှိကာ ရွာချေတွင် မူလတန်းပညာ သင်ယူနေသည့် ကျောင်းသား/ ကျောင်းသူဦးရေ ၂၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။
ဆည်မြောင်းတာတမံ ကျိုးပေါက်သွားသည့်အပေါက်တစ်ခုရှိပြီး၊ အကျယ်မှာ လက်တောင်အားဖြင့် ၁၆ တောင်ရှိကာ အမြင့်ပေ ၈ ပေခန့်ရှိကြောင်းသိရသည်။
လက်ရှိမှာ ၎င်းအပေါက်ပေါ်တွင် ဝါးဖြင့် ယာယီတံတားငယ်တစ်ခုထိုးထားသော်လည်း ကျောင်းသားများ သွားလာရာတွင် အသက်အန္တရာယ်အထိ စိုးရိမ်ရသည့်အခြေအနေတွရှိနေသည့်အတွက် တစ်ချို့ကျောင်းသူများမဖြတ်ကျော်ဝံ့ဘဲရှိနေကြောင်း ၎င်းက ဆက်၍ ပြောသည်။
“အခုက ယာယီအနေနဲ့ ဝါးနဲ့လုပ်ထားတဲ့ တံတားငယ်တစ်ခုကို တာတမံပေါ်မှာထိုးထားပါတယ်၊ တံတားအောက်ကတော့ ရေတွေတိုက်ရိုက်ပြင်းပြင်းထန်ထန်စွာစီးဆင်းနေပါတယ်၊ ကျောင်းသားတွေသွားလာတဲ့အခါ မဖြတ်ရဲကြဘူးဖြစ်နေတယ်၊ အသက်အန္တရာယ်အတွက် ထိခိုက်လာနိုင်ခြေရှိတယ်၊ အချို့ကျောင်းသူတွေဆိုရင် မသွားဝံ့တော့ပဲ ကျောင်းပညာရေးမှာ နောက်ကျနေတာတွေလည်းရှိပါတယ်” ဟုဆိုသည်။
အဆိုပါတံတားကို ပြန်လည်ပြုပြင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့်အတွက် သက်ဆိုင်ရာ ဆည်မြောင်းတာတမံဦးစီးဌာနများမှ လုပ်ပေးစေလိုကြောင်း ဥက္ကဌ ဦးမောင်သန်းကပြောသည်။
ရခိုင်တွင် မုန်တိုင်းကြောင့် လယ်လုပ်စားနေကြသည့် ဆည်မြောင်းတာတမံများ များစွာ ပျက်စီးခဲ့ရပြီး အချို့မှာ လယ်ထွန်ယက် စိုက်ပျိုးချိန် ရောက်နေပြီ ဖြစ်သော်လည်း ပြန်လည် မပြုပြင်နိုင်၍ လယ်ထွန်ယက်နိုင်ခြင်းမရှိဘဲ ဖြစ်နေရကြောင်း သိရသည်။