Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် လျှပ်စစ်မီးကြိုး ပေ ၂၀၀၀ ခန့်အခိုးခံရ

AB News-ဟိန်းထွန်း

စက်တင်ဘာ ၂၁ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အမဲခင်ကျေးရွာတွင် မီးရရှိရန်အတွက် လုပ်ဆောင်နေစဥ်အတွင်း မီးကြိုး ပေ ၂ထောင်ခန့် အခိုးခံခဲ့ရကြောင်း သိရသည်။

လျှပ်စစ်ဝန်ထမ်းများသည် စက်တင်ဘာ ၁၈ရက်နေ့က အမဲခင်ရွာ နှင့် ကျွဲချက်ဖက်ကို ဆက်သွယ်ပြုလုပ်မည့် မီးကြိုးများကို အမဲခင်ရွာ၏ကမ်းအနီးတွင် ချန်ထားခဲ့သည့်အတွက် အခိုးခံခဲ့ရကြောင်းသိရသည်။

မိုခါမုန်တိုင်းပြီးနောက် ပျက်စီးသွားသည့် မီးတိုင်များကို ပြန်လည်ထူထောင်ရေးလုပ်နေချိန်တွင် မီးတိုင်ပေါ်မှ သွယ်ထားသည့်မီးကြိုးများကို ဖြတ်ယူအခိုးခံလိုက်ရကြောင်း လျှပ်စစ်ဆက်သွယ်ရေး တာဝန်ရှိသူ မောင်ဗိုလ်ဆန်းက ABN သို့ ပြောသည်။

“မိုခါတုန်းကပျက်စီးသွားတဲ့ကြိုးတွေကို ​ကျနော်တို့က ပြန်လည်ထူထောင်ရေးလုပ်နေပါတယ်၊ လုပ်လက်စပေါ့၊ မပြီးသေးဘူး၊ ကြိုးက တိုင်ပေါ်တစ်ဖက်ချည်ထားတယ် ၊ အဲ့ဒီဥစ္စာကိုဖြတ်ယူပြီး အခိုးခံလိုက်ရတာပါ” ဟုဆိုသည်။

လျှပ်စစ်ဝန်ထမ်းများသည် တစ်ရွာနှင့် တစ်ရွာကို သွား၍ ပျက်စီးသွားသည့် မီးကြိုးလိုင်းများကို တောက်လျှောက်လုပ်ကိုင်နေသည့်အတွက် အခိုးခံခဲ့ရသည်ကို မသိလိုက်ကြောင်းသိရသည်။

၎င်းကြိုးများသည် စက်တက်ဘာလ ၁၆ ရက်ပတ်ဝန်းကျင်ခန့်တွင်ရှိနေသေးသော်လည်း ၁၈ ရက်​နေ့မှာ ဆက်လုပ်ရန်သွားရာ အခိုးခံခဲ့ရသည်ဟု ၎င်းတို့ထံမှ သိရသည်။

အခိုးခံရသည့် လျှပ်စစ်မီးကြိုးတန်ဖိုး လက်ရှိပေါက်စျေးအရ သိန်း ၆၀ ကျော်ရှိကြောင်းသိရသည်။

၎င်းမီးကြိုးများ ဖြတ်ယူအခိုးခံရမှုနှင့် ပတ်သက်၍ သက်ရာနယ်မြေဌာနများ၊ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားထားသည်ဟု ၎င်းမှ ဆက်၍ ပြောသည်။

“မီးရုံးတို့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့၊ နယ်မြေတာဝန်ရှိသူတွေကို အသိပေးထားပါတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါကြောင့် ပျက်စီးသွားသည့် လျှပ်စစ်တိုင်များနှင့် ကြိုးများကို ပြန်လည် အစားထိုး ပြုပြင်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးမရရှိသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ