Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ စစ်ဘေးရှောင် ၂ ဦးထိခိုက်ဒဏ်ရာရ

AB News – မတ်လ ၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် သဲဖြူချောင်းရွာ အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယမန်နေ့ မတ်လ ၂ ရက်၊ နေ့လည် ၁နာရီ ကျော်တွင် Y – 12 ထောက်ပို့/ဗုံးကြဲလေယာဥ်ဖြင့် ပုဏ္ဏားကျွန်းမြို့နယ် သဲဖြူချောင်းရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“အဲ့ဒီလေယာဥ်က ကျမတို့ရွာအနီးတဝိုက်မှာ ပျံဝဲနေတာ။ အခြေအနေမကောင်းဆိုပြီး ကျမတို့လည်း အိမ်ထဲကိုပြေးဝင်ကြတယ်။ ဗုံးချသံကိုပဲ ကြားလိုက်က်ရတယ်။ စစ်ဘေးရှောင်ရောက်နေတဲ့ ၂ ယောက်က ဒဏ်ရာရသွားတယ်” ဟု အမျိုးသမီး ၁ ဦးက ဆိုသည်။

ဒဏ်ရာရရှိသူများမှာ သာစည်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်မခင်ဌေး နှင့် အသက် ၁၇ နှစ်အရွယ် မောင်နေစိုးဝင်းတို့ဖြစ်သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်သို့ ဗုံး ၅ လုံးထက်မနည်း တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အချို့မီးလောင်ပြာကျခဲ့ရသည်။

​အလားတူ မတ်လ ၂ ရက်နေ့ကလည်း စကစအဖွဲ့က အမ်းမြို့နယ် တပ်တောင်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့ရသည်။

မတ်လ ၃ ရက်နေ့က ကဇုကိုင်းရှိ ခမရ ၅၄၃ တပ်ရင်းမှ လက်နက်ကြီးဖြင့် ကမ်းထောင်ကြီးမြို့ကို လှမ်းပစ်ခဲ့ရာ မြို့ခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ၏ မတ်လ ၃ ရက်နေ့ထိ ကြည်း၊ ရေလေ၊ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများမှာ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ရွာမှ ၂ ဦး၊ မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်မှ ၇ ဦး၊ မြေပုံမြို့နယ် ကမ်းထောင်ကြီးရွာမှ ၁ ဦး စုစုပေါင်း ၁၀ ဦးထိရှိသည်ကိုတွေ့ရသည်။

လက်နက်ချအညံ့မခံသေးသည့် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် “ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ