Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီမှ ဒရုန်းမှ ချသည့် ဗုံးထိ၍ အရပ်သား အမျိုးသမီး ၁ ဦး မျက်လုံးတစ်ဖက်ကန်းသွားပြီး၊ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းနယ်ရှိ ရွာ ၂ ရွာသို့ စကစမှ ဒရုန်းဖြင့် ဗုံးကြဲသွားခဲ့သည့်အတွက် အရပ်သား အမျိုးသမီး ၁ ဦးမျက်လုံးတစ်ဖက်ကန်းသွားပြီး အမျိုးသားမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်တွင် ခမောင်းတောရွာနှင့် ရဲရိုးပြင်ရွာသို့ ဒရုန်းဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဒဏ်ရာရရှိသွားကြောင်း နီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။

” စကစတွေက ဒရုန်းနဲ့ဗုံးချတာပါ၊ ရွာထဲမှာသွားလာနေတဲ့အမျိုးသမီးမှာ မျက်လုံးတစ်ဖက်ကန်းသွားတယ်၊ တစ်ခြားရွာကတစ်ဦးလည်း လက်မောင်းထိသွားတယ်” ဟု ဆိုသည်။

ခမောင်းတောရွာမှ အသက် ၃၉ နှစ်အရွယ် မဝင်းချေမှာ ဘယ်ဖက်မျက်လုံးတစ်ဖက်ကန်းသွားသည့်အပြင်၊ လက်၊ ခြေတို့တွင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ရဲရိုးပြင်ရွာမှ အသက် ၆၇ နှစ်အရွယ် ဦးစိန်သာကျော် မှာလည်း ဘယ်ဖက်လက် တတောင်ဆစ်တွင် ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရ သိရသည်။

လက်ရှိတွင် အရေးပေါ်ဆေးကုသရန်အတွက် ကြိုးစားနေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်တွင်း တိုက်ပွဲအတွင်း ပြည်သူများကို ကြည်း၊ ရေ၊ လေ အင်အားများကို သုံးကာ တိုက်ခိုက်နေသည့်အပြင် ခေတ်ပေါ် ဒရုန်းများကို အသုံးပြုကာ တိုက်ခိုက်မှု ပြုလုပ်လာခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ Telegram၊ Facebook Channel များမှ သတင်းမှားဖြင့် ဝါဒဖြန့် တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ