Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် ကားတိုက်ခံရ၍ အမျိုးသားတစ်ဦးဆေးရုံတင်ထားရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၅ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားမြို့နယ် ကျင်တလင်း ကားလမ်းမရှေ့တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး ယိုးတရုပ်ဆေးရုံသို့အရေးပေါ်တင်ထားရကြောင်း AB News ကကွင်းဆင်းလေ့လာရာတွင် တွေ့ရှိခဲ့ရသည်။

ကားတိုက်ခံရသည့် အဖ ဦးကျော်ခိုင်၏သား အသက် ၄၆အရွယ် ဦးရွှေသာအောင်သည် ခမီလူမျိုးတစ်ဦးဖြစ်ပြီး ကျင်တလင်းရွာဇာတိဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၃ နာရီကျော်တွင် စစ်တွေဖက်မှ ကျောက်တော်ဖက်သို့မောင်းနှင်လာသောကားက တောင်မှထင်းခုတ်ပြီး ဆင်းလာသည့် အမျိုးသားတစ်ဦးကို ဝင်တိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့သူ ဦးစောဖြူက AB News ကိုပြောသည်။

“ညနေ ၃ နာရီကျော်လောက်မှာပါ၊ သူကတောင်ပေါ်က ထင်းခုတ်လို့ဆင်းလာတယ်၊ ကားလမ်းတစ်ဖက်ကိုကူးကာ စစ်တွေဖက်က လာတဲ့ကားက သူ့ကိုဝင်တိုက်သွားပါတယ်၊ ကားလည်းမြောင်းနားထိုးကျသွားတယ်၊ ကျနော်က ကားသမားကိုရပ်လို့ ပြောတော့ တဟုန်ထိုးထွက်ပြေးသွားတယ် ” ဟုဆိုသည်။

ဦးစောဖြူနှင့် အခြားတစ်ယောက်သည် ဘေးတွဲဆိုင်ကယ်ဖြင့် ကားနောက်သို့လိုက်ခဲ့သော်လည်း မမီလိုက်ကြောင်း ၎င်းကပြောသည်။

ကားတိုက်ခံရသည့်သူတွင် ဘယ်နားရွက်တစ်ဖက်ပြတ်လုနီးပါးဖြစ်သွားကာ သတိမေ့သွားပြီး ရွာသူရွာသားများနှင့် တာဝန်ရှိသူတို့က ယိုးတရုပ် ဆေးရုံးသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။

ဝင်တိုက်သွားသည့်အိမ်စီးကားအဖြူတွင် မီးသီးများပြုတ်ကျကျန်ခဲ့ကာ ၎င်းပစ္စည်းများကို ရက္ခိုင့်တပ်တော် တာဝန်ရှိသူများက သိမ်းဆည်းနိုင်ခဲ့သော်လည်း တရားခံနှင့်ကားကို မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။

ယခုလိုလူတစ်ယောက်ကို ဝင်တိုက်ပြီး တာဝန်ခံမှုမရှိသည့်ကားသမားကို အမြန်ဖမ်းဆီးလိုချင်ကြောင်း ၎င်းမှ ဆက်ပြောသည်။

“လူတစ်ယောက်ဝင်တိုက်တာတောင် လှည့်မကြည့်ပဲမောင်းထွက်သွားတယ်၊ သူ့ကိုအမြန်ဖမ်းပေးစေချင်ပါတယ်” ဟု ဆိုသည်။

လူနာမှာ ယနေ့ ညနေ ၄ နာရီကျော်တွင် သတိပြန်ရလာပြီး ဆေးကုသမှုဆက်လက် ခံယူနေဆဲရှိသော်လည်း ကုန်ကျစရိတ်များပေးရန်အခက်တွေ့နေရကြောင်း မိသားစုတစ်ဦးပြောပြချက်အရ သိရသည်။

ပြင်းထန်ဒဏ်ရာ ရရှိသွားသူ၏ ဇနီးဖြစ်သူ ဒေါ်လာဝဲတွင် အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသား တစ်ယောက်ရှိပြီး ၎င်းတို့မိသားစုသည် ဆင်းရဲနွမ်းပါးပြီး ဝါးခုတ်စားသောက်နေကြရသည့်မိသားစုဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ