Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် ၅၅၀ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

ပုဏ္ဏားကျွန်းတွင် ၅၅၀ တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

AB News- ဒီဇင်ဘာ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀ တပ်ရင်းက ပစ်ခတ်သောလက်နက်ကြီးကျည်ထိပြီး အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက် ဂူဝမှ အဖ ဦးဖြူသာထွန်း၏သား အသက် ၄၃ နှစ်အရွယ် ဦးသိန်းစိုးဝင်း ( ဝမ်းဗိုက် ချက် ဒဏ်ရာ)၊ ဦးဦးရွှေသိန်း၏သား အသက် ၂၈ နှစ်အရွယ် ဦးပေါက်စ ( ခြေထောက်ဒဏ်ရာ )တို့ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၂ နာရီတွင် လက်နက်ကြီးကျည် ၈ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“၅၅၀ တပ်ရင်းကပစ်တာပါ၊ ရပ်ကွက်ထဲကိုလှမ်းပစ်တာ ခြံအနားမှာလာပေါက်ကွဲတယ် ၊ လူ ၂ ယောက်ဒဏ်ရာရသွားတယ်၊ အိမ်တစ်ဆောင်လဲပြိုသွားတယ်” ဟုဆိုသည်။

၎င်းတို့၏နေအိမ် ၂ ဆောင်မှာ အိမ်ချင်းကပ်ဖြစ်သောကြောင့် စစ်ကောင်စီကပစ်ခတ်သောလက်နက်ကြီးကျည်သည် ခြံအနီးတွင်ကျရောက်ဲပေါက်ကွဲ ပြီး ဦးသိန်းစိုးဝင်း နေအိမ်မှာ ပြိုထွက်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့၊ နံနက် ၁၁ နာရီ ၃၀မိနစ်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမရှိရာ ဓါတ်အားခွဲစက်ရုံအရှေ့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ညီနောင် ၃ ဖွဲ့ကထုတ်ပြန်ထားသည်။

ဦးပေါက်စ၏ ခြေထောက်တွင် မိုင်းစကို ခွဲစိတ်ကုသရန်လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန် ခြင်းဖြစ်သည် ဟု မြို့ခံတစ်ဦးကပြောသည်။

“တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ပြည်သူတွေကိုပစ်ခတ်တယ်။ ဆိုတော့ ဒါက စစ်ရာဇဝတ်မှုကျူးလွန်တာပါ၊ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးခန်းပို့ရင်လည်း တားမြစ်တာတွေရှိတယ်၊ ​တကယ်တော့ပြည်သူတွေပဲအသက်ဆုံးရှုံးရတာလေ၊ ဒါကမဖြစ်သင့်ဘူးပေါ့” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏အကြမ်းဖက် စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ရက္ခိုင်ပြည်သူများမှာ အသက်အိုးအိမ်လုံခြုံမှုကင်းမဲ့လာခြင်း၊ စစ်ဘေးရှောင်နေရာများ၌ လက်နက်ကျည်ထိမှန်မည်ကို စိုးရိမ်ထိတ်လန့်နေရခြင်းများမြင့်တက်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ