ABN-ရှိုင်းမိုး
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့တွင် အမည် မသိရောဂါတခုကြောင့် ဝက်သေဆုံးမှုပိုမိုများပြားလာကြောင်းသိရသည်။
ဝက်များဖြစ်သည့်ရောဂါလက္ခဏာမှာ အစာမစား၊ ရေမသောက်ဖြစ်ကာ တပတ်ခန့်အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူများက ပြောကြသည်။
“ဘာရောဂါလဲမသိဘူး၊ ဒါပေမယ့် အစာမစား၊ ရေမသောက်ဖြစ်တယ်၊ ပြီးတော့ တပတ်လောက်ကြာရင်ဆုံးသွားတယ်” ဟုပြောသည်။
ဝက်သေဆုံးမှု များသည့်ရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ထောင်လောင်ပွန်း၊ ဂဏန်းမဲ၊ ကြိမ်ချောင်း စသည့် ရွာများဖြစ်ပြီး မတ်လအတွင်းမှ လက်ရှိအချိန်ထိ သေဆုံးသောဝက်များမှာ ၅၀ ကျော်ခန့်ရှိလာကြောင်း ထောင်လောင်ပွန်းရွာမှ ရွာသား ၁ ဦးက ပြောသည်။
“အခုတခေါက်ဖြစ်တာတော့ အရမ်းဆိုးတယ်၊ အသေလည်းများတယ်၊ ခက်တာက ရောဂါကိုမသိတာ၊ ဆေးဆရာနှင့်ပြကြည့်တော့လည်း ဘာဖြစ်မှန်းမသိနိုင်ဘူး၊ အစာမစား၊ ရေမသောက်ရောဂါက ဘာရောဂါလဲမသိဘူး” ဟုဆိုသည်။
ရောဂါဖြစ်ပြီးသေဆုံးသွားသောဝက်များကို ချောင်းထဲသို့ ပစ်ချသူများလည်းရှိပြီး အချို့မှာ ဝက်သေများကိုကျင်းတူးပြီး မြေမြုပ်ကြသည်ဟုသိရသည်။

